
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ အသက် ၅ နှစ်အောက်ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တတိယအကြိမ် မြောက် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးနေပါတယ်။
အသက် ၅ နှစ်အောက်ကလေးငယ်တွေဖြစ်တဲ့ ၂ လနဲ့ တနှစ်ကြား ကလေးငယ်တွေ၊ တနှစ်နဲ့ ၃ နှစ်ကြား ကလေးငယ်တွေ၊ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်တွေကို မတ် ၃ ရက်ကစပြီး ကာကွယ် ဆေး ထိုးနှံပေးနေတာလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သိရပါတယ်။
မောင်တောမြို့ပေါ်ရပ်ကွက်မှာ နေထိုင်တဲ့ ရခိုင်၊ ရိုဟင်ဂျာ၊ ဟိန္ဒူအပါအဝင် လူမျိုး ဘာသာမရွေး ၅ နှစ်အောက် ကလေးငယ်တွေကို သောက်ဆေး ၊ ထိုးဆေး ထိုးနှံတိုက်ကျွေးခဲ့တယ်လို့ ဆိုပါတယ်။
မောင်တောဒေသခံတယောက်က “ကျန်းမာရေးဌာနက ဒီလို ကလေးငယ်တွေကို ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာဟာ မှန်ပါတယ်။ နယ်တွေမှာ လိုက်လံပြီးတော့ ထိုးပေးနေတာလည်းရှိပါတယ်။ နေရာကျတော့ လေကြောင်းရန်လုံခြုံရေးအရတော့ ပြောလို့မရပါဘူး။ ဒီလို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့အတွက် ကျနော်တို့က ကြိုဆိုပါတယ်။ ကောင်းပါတယ်၊ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတခုပါ။ ဆေးဝါးလုံလောက်မှု အတိုင်းအတာတခုထိပေါ့နော် အသုတ် လိုက်ခွဲပြီး ဆေးဝါးတွေရရှိမှု အဲဒါတွေကို ချိန်ဆပြီးပြီးတော့မှ အတတ်နိုင်ဆုံး လောက်ငှ အောင် ထိုးနှံပေးနေတယ်လို့ သိရပါတယ်။ ဆေးလားထိုးတဲ့အချိန်ကျရင်လည်း AA ဘက်က စနစ်တကျ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။
အခုလို ကာကွယ်ဆေးထိုးနှံရာမှာ ၂ လနဲ့ တနှစ်ကြား ကလေးငယ်တွေအတွက် ပိုလီယိုရောဂါ ကာကွယ်တဲ့ OPV သောက်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်နဲ့ ကြက်ညှာချောင်းဆိုးရောဂါ သုံးမျိုးကို ကာကွယ်ပေးတဲ့ DPT ထိုးဆေးနဲ့ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးခဲ့တာလို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် တနှစ်နဲ့ ၃ နှစ်ကြား ကလေးငယ်တွေအတွက် ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရေကျောက်ရောဂါကာကွယ်ဆေးနဲ့ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်တွေအတွက် အသည်းရောင် အသားဝါ (A)ကာကွယ်ဆေးနဲ့ ဦးနှောက်အမြှေးရောင်၊ သွေးဆိပ်သင့်ရောဂါတွေကို ကာကွယ်ပေးတဲ့ ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးတွေကိုလည်း ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၅ နှစ်အောက် ကလေးငယ်တွေဟာ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံသင့်ကြောင်းနဲ့ ကာကွယ်ဆေးမထိုးနှံနိုင်ဘူးဆိုရင် အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဒေါက်တာ Kid က ပြောပါတယ်။
“ကာကွယ်ဆေး မရှိတဲ့ကလေးတွေမှာ ကလေးတွေရဲ့ ကိုယ်ခံအားကလည်း မဖွံဖြိုးသေးတဲ့အချိန်မှာ ဆိုရင် ဆုံဆို့တို့ ၊ ကြက်ညှာချောင်းဆိုးတို့ ပြင်းထန်အဆုတ်ရောင်ရောဂါဆိုတာက အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ ပိုလီယိုရောဂါပိုးတို့ဝင်သွားရင်လည်း တသက်လုံး ခြေလက်မသန်စွမ်း ဖြစ်သွားနိုင်တယ်။ ဂျပန်ဦးနှောက်ရောင် ရောဂါတို့ ဝင်သွားခဲ့ရင်လည်း ဉာဏ်ရည် ချို့ယွင်းတာ၊ အတက်ရောဂါကျန်ခဲ့တဲ့အထိ ဖြစ်သွားနိုင်တယ်၊ နောက်တခုက ကာကွယ်ဆေးထိုးတဲ့ နေရာမှာ ကိုယ့်အတွက်သာမက ကိုယ့်ဝန်းကျင်၊ ကလေးအသိုက်အဝန်းအတွက်ပါ ရည်ရွယ်ပြီး ထိုးပေးရ တာပါ။ ဘာလို့ဆိုတော့ ကိုယ့်ကလေးမှာ ရောဂါဖြစ်နေရင် တခြားကိုယ်ခံအားနည်းတဲ့ ကလေးတွေကိုပါ ကာကွယ်ဆေးမထိုးတဲ့နောက်ဆက်တွဲ ရောဂါကူးစက်ပြီး ပတ်ဝန်းကျင်မှာ ကပ်ရောဂါဖြစ်တာမျိုးတွေ ဖြစ်တဲ့အတွက် ရောဂါပြန့်ပွားတာကို ထိန်းချုပ်ရေးအတွက်ရော၊ ကလေးတွေ ဘေးကင်းရေးအတွက်ရော ဒါတွေအတွက် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးပေးရတာပါ။”
ဇန်နဝါရီ ၃၀ ရက်ကလည်း မောင်တောခရိုင်အတွင်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဦးစီးပြီး ၅ နှစ် အောက်ကလေးငယ်တွေကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးကိုတော့ ဒီဇင်ဘာလအတွင်းက ထိုးပေးခဲ့ပါတယ်။
ရခိုင်မှာ မြို့သိမ်းတိုက်ပွဲစတင်ပြီးနောက် စစ်တပ်က ဆေးဝါးသယ်ယူခွင့်ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ ထားတဲ့အတွက် ကလေးငယ်တွေဟာ ကာကွယ်ဆေးထိုးနှံမှုမရရှိဘဲ ကျန်းမာရေး စောင့်ရှောက်မှု ဆုံးရှုံးနေတာဟာ ၂ နှစ်နီးပါးကြာမြင့်ခဲ့ပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ပလက်ဝအပါအဝင် ရခိုင်ပြည်နယ် ၁၅ မြို့နယ်ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီးတဲ့နောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး လုပ်ငန်း တွေကို အရှိန်မြှင့်ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
ကေခိုင်


