
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ မောင်တောမြို့နယ်မှာ စစ်တပ်နဲ့ အပေါင်းအပါ ရိုဟင်ဂျာလက်နက်ကိုင် (ARSA/RSO) အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး မောင်တောဒေသခံ အမျိုးသားတယောက် ခြေထောက်တဖက် ပြတ်ထွက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီ ၂၀ မိနစ်လောက်မှာ မောင်တောမြို့နယ်၊ ဘော်တူလာဈေးမှာ တဲဆောက်ဖို့အတွက် မိုင်တိုင် ၅၀ ဂိတ်ကုန်းနားမှ သစ်လုံးခုတ်ပြီး ပြန်လာစဥ် မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်သွားသူမှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာက အသက် ၃၀ အရွယ် ကိုမောင်မောင်စိုး ၃၀ နှစ် ဖြစ်ပါတယ်။
ခုလို မိုင်းပေါက်ကွဲမှုကြောင့် ကိုမောင်မောင်စိုးရဲ့ ဘယ်ဘက်ခြေမျက်စိ ပွင့်ထွက်သွားပြီး လက်ရှိမှာ အရေးပေါ် ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်တပ်အပေါင်းအပါ ARSA/RSO တွေဟာ ဒေသခံပြည်သူတွေကို ပစ်မှတ်ထားပြီး မိုင်းထောင်ထားတာမျိုးတွေ ရှိတဲ့အတွက် ထင်းရှာ၊ ဝါးခုတ်ပြီး တောတောင်တွေကို မှီခိုအားထားနေရတဲ့ ဒေသခံတွေဟာ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုတွေလည်း မကြာခဏ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာရက္ခတပ်တော် (AA) အနေနဲ့လည်း မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့အပြင် အသိပညာပေး ဟောပြောတာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေပါတယ်။
ကေခိုင်


