
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီရက်ပိုင်းအတွင်း လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား ၅ ယောက်ထက်မနည်း ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေက ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်နေ့ ညပိုင်းအချိန်မှာ လူငယ်အမျိုးသား ၂ ယောက်နဲ့ လူလတ်ပိုင်း အမျိုးသား ၃ ယောက် သီးသန့်စီ ပျောက်ဆုံးခဲ့ပြီး ၂ ယောက်က ဆိုင်ကယ်နဲ့ပါ ပျောက်ဆုံးနေတာလို့ ပြောပါတယ်။
ပျောက်ဆုံးသူနဲ့ နီးစပ်သူတယောက်က “ဒီတိုင်းပဲ ညဘက်သွားရင်းလာရင်း၊ ကလေးတယောက်ဆို အသက် ၁၅ နှစ်ပဲရှိသေးတာ။ ရဲနဲ့ စစ်တပ်၊ PNO ရောထင်တယ်၊ မြင်းရုပ်နားရယ် မင်္ဂလာဦး အကွေ့နားရယ်မှာ စစ်တတ်တယ်။ ပျောက်တာက ၅ ယောက်မကလောက်ဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ကစပြီး ၂၈ ရက်နေ့အထိ ညပိုင်းတွေမှာ အစစ်အဆေးများသလို ရွေးကောက်ပွဲ အကြောင်းပြပြီး စစ်ကား ၁၀ စီးထက်မနည်းနဲ့ ညနေ ၆ နာရီလောက်ကစလို့ မိန်းလမ်း၊ အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်းတို့မှာ ပတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
နောက်ထပ်မြို့ခံတယောက်က “ပျောက်တာက အတိအကျဆိုရင် ၅ ယောက်ထက်ပိုမယ်။ အေးသာယာမြို့ဘက်မှာဆိုရင် ပါလို့ပါ(ပေါ်တာဆွဲခံရ)မှန်းတောင်မသိကြဘူး။ ဟိုပုံးရောက်မှ သိရတာတွေများတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့ကနေ ပျောက်ဆုံးသူတွေ၊ ပေါ်တာဆွဲခံရသူတွေကို ဟိုပုံး လေ့ကျင့်ရေးနေရာနဲ့ မိတ္ထီလာ တပ်သားသစ်စုဆောင်းရေးနေရာတို့ကို ရောက်ပြီးမှ သိရတာမျိုးလည်းရှိနေတယ်လို့ သိရပါတယ်။
ပျောက်ဆုံးသူတွေများလာတာကြောင့် ညဘက်တွေမှာ လမ်းပေါ်လူမရှိတော့သလို ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ကိုလည်း မြို့ခံအချင်းချင်း သတိပေးနေကြတယ်လို့ သိရပါတယ်။


