
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရဲ့ ကျောက်တိုင်ကွင်း(အားကစားကွင်း)ပတ်လည်က တိုက်ခန်းနဲ့ဆိုင်ခန်းတွေကို ဖယ်ရှားရှင်းလင်းခိုင်းနေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။
ကျောက်တိုင်ကွင်းပတ်လည်မှာဆောက်ထားတဲ့ ဆိုင်ခန်းနဲ့ တိုက်ခန်းတွေနေရာမှာ နိုင်ငံတကာအဆင့်မီ အားကစားကွင်း အားကစားရုံနဲ့ ရေကူးကန်၊ လူငယ်ရေးရာစင်တာတွေဆောက်ဖို့ ဖယ်ရှားခိုင်းတာလို့ စစ်တပ်လက်အောက်ခံ ပြည်နယ်အားကစားနဲ့ ကာယပညာဦးစီးဌာနက ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒေသခံတယောက်က “ဆိုင်ခန်းတွေဖွင့်လာတာ နှစ် ၃၀ ကျော်ပြီ။ ဆိုင်ခန်းနဲ့ပတ်သတ်ပြီး အစည်းအဝေးခေါ်တာရှိတယ်။ ကျောက်တိုင်ကွင်းနားက တိုက်တန်းနဲ့ဆိုင်ခန်းတွေကို ဒီနှစ်ကုန် ဒါမှမဟုတ် နောက်နှစ်ထဲ စီမံကိန်းအကြောင်းပြ ဖျက်ဖို့စီစဥ်ထားတယ်” လို့ ပြောပါတယ်။
ဘောလုံးကွင်းပတ်လည်က ဦးစီးဌာနမြေပေါ်မှာ ငှားရမ်းထားတဲ့တိုက်ခန်းတွေကို ဆက်လက်မငှားရမ်းတော့ဘဲ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ဆိုင်ခန်း တိုက်ခန်းလစာတွေ မကောက်ခံတော့သလို ဆိုင်ခန်း တိုက်ခန်းတွေ ဖယ်ရှားနိုင်ဖို့ အသိပေးတာလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်းကလည်း တောင်ကြီးရထားလမ်းအနီးနားက နေအိမ်တွေကို ရထားစီမံကိန်းအနေနဲ့ ဖယ်ရှားခိုင်းခဲ့ပါသေးတယ်။


