
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပနေပြီး ၄ ရက်မြောက်နေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁ ရက်နေ့မှာ မိုးရွာတာကြောင့် တန်ဆောင်တိုင်ကွင်းထဲရှိသူတွေ မိုးမိကာ တိုးဝှေ့ပြီး ပြန်ကြရင်းကနေ လူပိမိတာကြောင့် မေ့လဲသူတွေ၊ ဒဏ်ရာရသူတွေရှိနေတယ်လို့ ပွဲလည်သူတွေက ပြောပါတယ်။
နိုဝင်ဘာ ည ၁၀ နာရီဝန်းကျင်မှာ မိုးရွာလာတဲ့အတွက် မီးပုံးအများစုက လွှတ်တင်လို့ မရတော့ဘဲ ပွဲလာကြည့်ကြသူတွေ ပြန်ကြချိန် တိုးဝှေ့ရင်းကနေ မူးလဲတာ၊ လူပျောက်တာ၊ ဒဏ်ရာရတာတွေ ကြုံရပြီး ခန့်မှန်းအနေနဲ့ အယောက် ၈၀ လောက်ရှိတယ်လို့ သိရပါတယ်။
ပွဲလာကြည့်သူတယောက်က “တော်တော်များများက မိုးခိုလို့ရမယ့်နေရာတွေထဲ တိုးဝှေ့ကြရင်းကနေ တယောက်ပေါ်တယောက်ပိမိ နင်းမိတွေဖြစ်ကုန်တာ။ ကလေးတွေ အရပ်ပုတဲ့သူတွေဆို အသက်ရှူကြပ်ပြီး သတိလစ်တာတွေပါ ဖြစ်ကုန်တယ်။ လူနာတင်ကားတွေလည်း တဝီဝီနဲ့ပဲ” လို့ ပြောပါတယ်။
သတိမေ့သူတွေကို ပြည်သူ့ဆေးရုံမှာ ပို့ထားပြီး ဒီနေ့မနက်မှာ သတိပြန်ရသူတွေရှိသလို သတိမရသေးသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “ပွဲစီစဥ်သူက လောဘကြီးလို့ပါ။ ဆိုင်ခန်းတွေကြောင့်ရယ် စတိတ်ရှိုးစင်ကို ကွင်းဘေးလာထားတာရယ်ကြောင့် ကွင်းကကျဥ်းပြီး လူတွေကြပ်ကုန်တာ။ ဟိုးအရင်က လူများတာ အခုလိုမှ မကြပ်တာ၊ ကန်ထရိုက်ရဲ့လောဘကြောင့် အခုလိုတွေ အန္တရာယ်ကြုံရတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ပွဲက လူမစည်ကားပေမဲ့ အခုနှစ်မှာတော့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ ပွဲလာကြည့်ကြလို့ စည်ကားနေပြီး အယောက် ၂ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။
အခုနှစ်မှာတော့ တန်ဆောင်တိုင်ပွဲအတွက် ယာဥ်ရပ်နားခအနေနဲ့ ဆိုင်ကယ်တစီးကို ငွေကျပ် ၂၀,၀၀၀ လောက်ထိ ကောက်ခံပြီး ကားတစီးကို ၁၀,၀၀၀၀ လောက်ထိ ကောက်ခံလို့ လူပြောများနေတာကြောင့် ဆိုင်ကယ်ခ ပြန်လျော့ပေးတယ်လို့ ဆိုပါတယ်။
မလွှတ်တင်ရသေးတဲ့ မီးပုံးပျံတွေကို ရက်ထပ်တိုးပြီးလွှတ်မယ်လို့ ကြားသိရပေမဲ့ အတည်မပြုနိုင်သေးသလို မိုးကလည်း ထပ်ရွာဖို့ရှိနေတယ်လို့ သိရပါတယ်။




