
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ပြတ်ရှဒဏ်ရာတွေနဲ့ အမျိုးသား ၁ ယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီကျော်လောက်မှာ ကားတစီးက လာထားသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးအလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ၊ မီးလောင်းဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ နားရွက်အဖြတ်ခံရတာတွေနဲ့ ကြိုးချည်ဒဏ်ရာတွေတွေ့ရပြီး အသက်အရွယ် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်တယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “အသက် ၃၀ နဲ့ ၄၀ ကြား၊ ပိန်ပိန်ပါးပါးပဲ။ ရဲတွေပြောပုံအရ ဆေးသမားလည်း ဖြစ်နိုင်တယ်တဲ့။ လွယ်အိတ်ပါတယ်။ အိတ်ထဲမှာ ကော်ချောင်းတွေ မီးခြစ်တွေပါတယ်တဲ့။ Honda Fit ကားနဲ့ လာချသွားတာတဲ့” လို့ ပြောပါတယ်။
သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ ဆေးသုံးစွဲသူ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ခုလက်ရှိမှာ သက်သေဖြစ်တဲ့ အလောင်းကို အမှတ် ၁ နဲ့ ၂ ရဲစခန်းတွေက မှတ်တမ်းယူထားပြီး စဝ်စံထွန်း ရင်ခွဲရုံမှာ ပို့ထားကာ Honda Fit ကားကို လိုက်လံရှာဖွေနေပြီး တရားခံ မမိသေးဘူးလို့ သိရပါတယ်။
မြို့ခံနောက်တယောက်က “ရင်ခွင်ရုံကပြောတဲ့ပုံစံအရဆို ယမ်းနံ့တွေရတယ်။ မီးလောင်တာက တကိုယ်လုံးလောင်တာမဟုတ်ဘဲ မညီမညာဖြစ်နေတယ်။ မျက်နှာမှာလည်း ဓားခုတ်ရာ တော်တော်ထင်ထင်ရှားရှားကြီးပါတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့မှာ လူသတ်ပြီး အလောင်းစွန့်ပစ်တာမျိုး မကြုံဖူးကြတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး အောင်ပန်းမြို့မှာလည်း ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို အောင်ပန်းမြို့၊ မင်္ဂလာကန်ထဲမှာ အောက်တိုဘာ ၁၇ ရက်က ပုပ်ပွအလောင်းအနေနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


