
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ထဲက မြို့မရပ်ကွက်၊ စဝ်စံထွန်းလမ်းထဲမှာ ပြတ်ရှဒဏ်ရာတွေနဲ့ အမျိုးသား ၁ ယောက်ရဲ့ အလောင်းကို အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၁ နာရီကျော်လောက်မှာ ကားတစီးက လာချသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါအမျိုးသားအလောင်းမှာ ထိုးသွင်းဒဏ်ရာတွေ၊ ပြတ်ရှဒဏ်ရာတွေ၊ နားရွက်အဖြတ်ခံရတာတွေ၊ ကြိုးချည်ဒဏ်ရာတွေနဲ့ စွန့်ပစ်ခံထားရတာလို့ ဆိုပါတယ်။
မြို့ခံတယောက်က "အသက် ၄၀ နဲ့ ၄၀ ကြား၊ ပိန်ပိန်ပါးပါးပဲ၊ ရဲတွေပြောပုံအရ ဆေးသမားလည်း ဖြစ်နိုင်တယ်တဲ့၊ လွယ်အိတ်ပါတယ်။ အိတ်ထဲမှာ ကော်ချောင်းတွေ မီးခြစ်တွေပါတယ်တဲ့၊ Honda fit ကားနဲ့ လာချသွားတာတဲ့ "လို့ ပြောပါတယ်။
သေဆုံးသူက မည်သူဖြစ်တယ်ဆိုတာ မသိရသေးဘဲ ဆေးသုံးစွဲသူ ဟုတ် မဟုတ်ဆိုတာကိုလည်း ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ခုလက်ရှိမှာ သက်သေဖြစ်တဲ့ အလောင်းကို အမှတ် ၁ နဲ့ ၂ ရဲစခန်းတွေက မှတ်တမ်းယူထားပြီး စဝ်စံထွန်း ရင်ခွဲရုံမှာ ပို့ထားကာ Honda Fit ကားကို လိုက်လံရှာဖွေနေပြီး တရားခံ မမိသေးဘူးလို့ သိရပါတယ်။
တောင်ကြီးမြို့မှာ လူသတ်ပြီး အလောင်းစွန့်ပစ်တဲ့ ဖြစ်စဥ်ဖြစ်ပွားတာမရှိပေမဲ့ အခုတခေါက်မှာ ကြုံလိုက်ရတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ် မြင့်တက်နေတယ်လို့ သိရပါတယ်။
အောင်ပန်းမှာလည်း ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ယောက်ကို အောင်ပန်းမြို့ မင်္ဂလာကန်ထဲမှာ အောက်တိုဘာ ၁၇ ရက်က ပုတ်ပွအလောင်းအနေနဲ့ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


