
ရှမ်းပြည်နယ်ရဲ့ အထင်ကရပွဲတော်တခုဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံတော်အတွက် တောင်ကြီးမြို့မှာရှိတဲ့ ဟိုတယ်အခန်းတွေ ကြိုတင်ဘွတ်ကင်လုပ်ထားတာ ပြည့်လုနီးပါးဖြစ်နေပြီလို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီက စုံစမ်းသိရပါတယ်။
တောင်ကြီး အဝေရာမီးပုံးပျံကွင်းမှာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာ ၄ ရက်ထိ ကျင်းပမှာဖြစ်ပေမဲ့ လာရောက်ဆင်နွှဲကြမယ့် ဧည့်သည်တွေက အခုအချိန်ကတည်းက ဟိုတယ်အခန်းတွေ ကြိုတင်မှာယူမှုတွေရှိနေတာ ဖြစ်ပါတယ်။
တောင်ကြီးမြို့ရှိ ဟိုတယ်တခုရဲ့တာဝန်ရှိသူက "အခန်းတွေကတော့ ပြည့်လုနီးပါးဖြစ်နေပြီ အဲဒီရက်တွေအတွက်က။ တချို့ဆို တလကြိုတင်ပြီး အခန်းတွေယူတာရှိတယ်။ အခန်းခဈေးနှုန်း လေးတွေကလည်း အပြောင်းအလဲနည်းနည်းလေးရှိတာပေါ့။ သီတင်းကျွတ်ပိတ်ရက်အတွက် ကတော့ ရပါသေးတယ်" လို့ ပြောပါတယ်။
မီးပုံးပျံပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းမှာ ခြေ ၂ ချောင်းနဲ့ ခြေ ၄ ချောင်းအရုပ်အုပ်စု မီးပုံးပျံတွေနဲ့ ညပိုင်းမှာ စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံတွေ လွှတ်တင်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာတော့ အရုပ်အုပ်စုမီးပုံပျံ ၆ လုံး၊ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၄၉ လုံး လွှတ်တင်နိုင်ခဲ့ပြီး အခုနှစ်မှာတော့ တနေ့ကို အရုပ်အုပ်စုမီးပုံးပျံ ၁၀ လုံးခန့်၊ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံ အလုံးရေ ၇၀ ကျော်ထိ လွှတ်တင်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။