
ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီး ၂ ယောက်က စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ပအိုဝ်းလူငယ် ၁ ယောက်ကို ရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ဖုန်းကို လုယူသွားခဲ့တယ်လို့ ရိုက်နှက်ခံရသူနဲ့ နီးစပ်သူဆီက သိရပါတယ်။
ညောင်ဖြူစခန်းရပ်ကွက်ကနေ မနက် ၄ နာရီအချိန်မှာ မိခင်ဖြစ်သူနဲ့ ထ-၅ ဈေးကိုကုန်စိမ်းတွေပို့ခဲ့ပြီး တယောက်တည်း အိမ်ပြန်လာချိန် နယ်မြေ ၆ နဲ့ ၇ ကြားမှာ ရိုက်နှက်လုယက်ခဲခဲ့ရတာပါ။
ဆိုင်ကယ်လုခံရချိန် လူငယ်က ဆိုင်ကယ်ကိုဆွဲထားပေမယ့် မှောက်လျက်အနေအထားနဲ့ ကျန်ခဲ့ရတယ်လို့ သိရပါတယ်။
လုယက်ခံရသူနဲ့ နီးစပ်သူက “မျက်နှာထိသွားတယ်။ လက်နဲ့ခြေထောက် ပွန်းပဲ့။ ဆိုင်ကယ် အလုခံရတာက ဆိုင်ကယ် တန်ဖိုးက သိန်း ၇၀၊ ၈၀ ကြားဆိုတော့ အရမ်းစိတ်ထိခိုက်တာပေါ့” လို့ ပြောပါတယ်။
လုယက်သူတွေဟာ သုံးရောင်ခြယ်အလံနဲ့ ပသစ လို့ပါတဲ့ ဘက်တံဆိပ်ဝတ်ထားသလို လက်ထိတ်နဲ့ သေနတ်အတို ပါပါတယ်လို့သိရပြီး Wave 100 ဆိုင်ကယ်ကို စီးလာကြတာလို့ ဆိုပါတယ်။
ဆိုင်ကယ်လုယက်ခံရသူက ပျူစောထီးတွေရဲ့ မျက်နှာကိုမှတ်မိနေပြီး ရဲစခန်းမှာ အမှုဖွင့်ထားလို့ နယ်ထိန်းနဲ့ ရဲတွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ ပတ်ဝန်းကျင်က ပြည်သူတွေကို မေးမြန်းတာမျိုးရှိပေမဲ့ မဖမ်းဆီးနိုင်သေးဘူးလို့ သိရပါတယ်။
ဆိုင်ကယ် လုယက်ခံရချိန် အနီးအနားမှာ CCTV တွေရှိတာကြောင့် အမှန်တကယ် ဖမ်းဆီးမယ်ဆိုရင် မိနိုင်ပေမယ့် စစ်တပ်လက်အောက်ခံ ပျူတွေဖြစ်လို့ လွှတ်ပေးထားတာဖြစ်နိုင်တယ်လို့ ပြောဆိုတာလည်း ရှိနေတာပါ။
တောင်ကြီးဒေသခံတယောက်က “တခုခုဖြစ်ခဲ့မယ်ဆိုရင် ရဲကိုတိုင်ရမှာလား၊ စစ်တပ်ကို တိုင်ရမှာလား၊ ဘယ်လိုလုပ်ရမှာတုန်း။ တာဝန်ရှိသူတွေအနေနဲ့ မြို့ခံတွေကို ဘယ်လိုလုပ်ပေးမှာတုန်းလို့ မေးချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း စစ်တပ်လက်အောက်ခံ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး သန်းရွှေရဲ့ ပျူစောထီးတွေက ပြည်သူတွေရဲ့ နေအိမ်တချို့မှာ မူးယစ်ဆေးဝှက်ထားပြီး ဆေးတွေ့တယ်လို့ လုပ်ကြံငွေညှစ်တာတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။