Home
မြန်မာသတင်း
တောင်ကြီးတွင် အမျိုးသား ၁ ဦး ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ
DVB
·
August 27, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ အေးသာယာမှာ သြဂုတ် ၂၄ ရက်က အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံခဲ့ရသူဟာ လားရှိုးမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်ပြီး တောင်ကြီး အေးသာယာမှာ ရောက်ရှိနေထိုင်တဲ့ ကိုနေသွေး ဆိုသူဖြစ်ပြီး LashioBaegyi ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ လူမှုကွန်ရက်ပေါ်မှာ လားရှိုးမြို့က ဖြစ်ပွားတဲ့ ကားလုယက်မှုတွေအပေါ် ဝေဖန်ရေးသားချက်ကို ရွေးကောက်ပွဲပျက်ပြားစေဖို့ ရေးသားဖြန့်ဝေတဲ့အတွက် စွပ်စွဲဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “လားရှိုးမှာဖြစ်တဲ့ကိစ္စတွေကို လူမှုကွန်ရက်ပေါ် ရေးတင်တာကြောင့် အဖမ်းခံရတာပါ။ ရွေးကောက်ပွဲကျင်းပဖို့ လုပ်နေတဲ့အချိန် ရည်ရွယ်ချက်ရှိရှိနဲ့ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တာဆိုပြီး ဖမ်းဆီးအမှုဖွင့်တာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ကိုနေသွေးကို တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲစခန်းမှာ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ဥပဒေပညာရှင်တယောက်က “ကြုံသလိုဖမ်းဆီးပြီး တပ်ချင်တဲ့ပုဒ်မတပ် ဖမ်းတာတွေ လုပ်လာတာ။ အရပ်သားတွေကို အမျိုးမျိုး ခြိမ်းခြောက်နေတာ။ အရင်ကဆို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တပ် အမှုဖွင့်မှာ။ အခုကျတော့ ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်တာ။ ဒါက ပြည်သူကို ခြောက်လှန့်တာ” လို့ ပြောပါတယ်။

ကိုနေသွေးကို စစ်ကောင်စီက ဖွင့်ထားတဲ့ ဥပဒေပုဒ်မ ၂၃(က) ဟာ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် ဒါမှမဟုတ် လုပ်ငန်းစဉ် တစိတ်တဒေသကို ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားဖြန့်ချိတာတွေ မလုပ်ဖို့ တားမြစ်ထားပြီး ဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံး ထောင် ၃ နှစ်ကနေ အများဆုံး ထောင် ၇ နှစ်ထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024