
မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပျူစောထီးတယောက် ဩဂုတ် ၁၀ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Chauk Revolution Army (CRA) က ဩဂုတ် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
CRA ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကုန်းကြီးပျူရွာက ပျူစောထီး ကိုအောင်ကျော်ဆန်းက သူ့ကို စစ်တပ်ကပေးထားတဲ့ စက်ကလေးသေနတ်တလက်နဲ့အတူ ကျနော်တို့ဆီကို ကြိုတင်ချိတ်ဆက်ပြီး အလင်းဝင်လာခဲ့သူပါ” လို့ ပြောပါတယ်။
ပျူစောထီး ကိုအောင်ကျော်ဆန်းဟာ MA2 (စက်ကလေး) သေနတ်တလက်၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံးတလုံး၊ ကျည် ၁၄၅ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
CRA တာဝန်ရှိသူတယောက်က “ကုန်းကြီးပျူရွာမှာ လက်ရှိတော့ စစ်သားအင်အား ၆ ယောက်လောက်ပဲ ရှိတယ်။ အခု အလင်းဝင်လာတဲ့ ကိုအောင်ကျော်ဆန်းက စစ်မှုထမ်းစုဆောင်းခံရသူ မဟုတ်ဘူး။ သူ့မိဘနဲ့ စကားများပြီးမှ ပျူစောထီးအဖွဲ့ထဲ ဝင်သွားတဲ့သူ။ သူပါလာတဲ့ MA2 နဲ့ ခဲယမ်းတွေကလည်း စစ်တပ်ကနေ သူ့ကို ပေးကိုင်ထားတာတွေပါ။ သူ့ကို သိန်း ၅၀ ဆုကြေးငွေ ချီးမြှင့်ပေးလိုက်တယ်။ သူ့ရဲ့ဆန္ဒအတိုင်း သူနဲ့ သူ့မိသားစုတွေ လွတ်မြောက်နယ်မြေရောက်မှ သတင်းထုတ်ပြန်ပေးပါဆိုလို့ အခုမှ သတင်းထုတ်ရတာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း အဆိုပါ ကုန်းကြီးပျူစောထီးကျေးရွာကို အင်အားတိုးမြှင့်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ချောက်မြို့နယ်အတွင်းက စစ်တပ်လက်အောက်ခံတွေအနေနဲ့ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ချောက်မြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။