Home
မြန်မာသတင်း
အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ တွင် တပ်မိသားစုနှင့် ပျူစောထီးများ ပါဝင်
DVB
·
August 18, 2025

အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ အတွက် သင်တန်းကို ဇွန်လအတွင်း စတင်ဖွင့်လှစ်နေတာမှာ သင်တန်းသားတွေထဲ  တပ်မိသားစုဝင်တွေ၊ စစ်တပ်အသိုက်အဝန်းနဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေနဲ့ ပတ်သက်တဲ့သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်တဲ့ အမှတ်စဉ် ၁ က တပ်မိသားစုဝင်တွေဖြစ်ကြောင်း Myanmar Defense & Security Institute (MDSI) ရဲ့ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက အတည်ပြု ပြောပါတယ်။

“အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကို မှော်ဘီ ရကသ-၄ မှာ ဖွင့်နေတယ်လို့ ကျနော်တို့ သတင်းရင်းမြစ်ဆီကနေ သိထားရတယ်။ လက်ရှိကတော့ သင်တန်းသူတွေ ဘယ်လိုစုဆောင်း ခေါ်ယူတယ်ဆိုတာ ကျနော်တို့ သေချာမရဘူးဆိုတော့ ကျနော်တို့ ယူဆတာကတော့ ပထမဆုံး အပတ်စဉ်မှာကတော့ တပ်မိသားစုဝင်တွေကို အဓိက ခေါ်ယူဖွင့်တာလို့ သုံးသပ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်ပါ စစ်ကောင်စီဘက်က အမျိုးသမီးသင်တန်းတွေ စဖွင့်တယ်ဆိုတော့ လူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ ခြေလှမ်း လုပ်ဆောင်နေတွေကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့တော့ သတိထားဖို့တော့ လိုအပ်မယ်လို့ ယူဆပါတယ်။”

အမျိုးသမီးစစ်မှုထမ်း သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ လွန်ခဲ့တဲ့ နှစ်လကတည်းက ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

စစ်တပ်မိသားစုဝင်တွေအပြင် စစ်တပ်နဲ့ နီးစပ်ထောက်ခံသူတွေနဲ့ ပျူစောထီး အသိုက်အဝန်းက လူတွေပါ ကိုယ်ပိုင်ဆန္ဒနဲ့ စစ်မှုထမ်းဆောင်ဖို့ စာရင်းပေးသွင်းထားကြောင်း စစ်တပ်နဲ့ နီးစပ်သူက ပြောပါတယ်။

“စစ်တပ်အသိုက်အဝန်းကလူတွေ ဆိုတာထက် ပျူတွေနဲ့ပတ်သက်တာလည်း ပါတယ်။ သူတို့ကို ဘယ်လိုစည်းရုံးထားလဲဆိုတော့ ပထမဆုံးအပတ်စဉ်မို့ နောက်လူတွေကို ဆရာကြီးလုပ်ရမယ်။ အဝေးမရောက်ဘူး။ အဲဒီလိုတွေ စည်းရုံးပြီး ထည့်ထားတာ။ နောက်ပြီး မိန်းကလေးတွေ ပျောက်တာလည်း ရှိတယ်လေ။ အဲဒီ မိန်းကလေးတွေကိုလည်း အဲဒီစစ်သင်တန်းမှာ ထည့်ထားတာတွေ ရှိတယ်တဲ့။ ဟိုတလောက စစ်သင်တန်းတက်ဖို့ စာရင်းကောက်တယ်လေ။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ထန်းတပင်၊ သုံးခွ၊ ခရမ်း၊ သန်လျင်၊ တွံတေး၊ ဒလ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး အဲဒီကပျူတွေနဲ့ ပတ်သက်တာတွေ တက်ကြတယ်။”

လက်ရှိ အပတ်စဉ် ၁ က စစ်တပ်နဲ့နီးစပ်တဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သားအသစ်တွေကိုတော့ မဲစာရင်းလုပ်တဲ့နေရာ၊ မဲရုံနဲ့ပတ်သက်တဲ့ လုံခြုံရေးလုပ်တဲ့ နေရာတွေမှာလည်း ထည့်ဖို့ စီစဉ်ထားပြီး တခြားသူတွေကိုတော့ ရှေ့တန်းမှာ အကူအနေနဲ့ ခိုင်းသွားမယ့်အကြောင်းလည်း ဆက်ပြောပြပါတယ်။

ဒါ့အပြင် MDSI က ကိုနောင်ရိုးကလည်း အခုလို စစ်မှုထမ်းအပတ်စဉ်တွေ ဆက်တိုက် ခေါ်ယူနေတာအပြင် အမျိုးသမီးတွေ အပတ်စဉ်အသစ်တွေပါ စတင်နေတာကြောင့် တော်လှန်အင်အားစုတွေအနေနဲ့ စနစ်ကျတဲ့ စစ်ရေးဗျူဟာတွေ ချမှတ်လုပ်ဆောင်သင့်ကြောင်း အကြံပြုပါတယ်။

“ဒီလူငယ်တွေဟာ မတရားဖမ်းဆီးခံလာရတာ ဖြစ်တယ်။ ရှေ့တန်းမှာလည်း လူသားဒိုင်းအနေနဲ့ အသုံးချခံနေရတဲ့ အခြေအနေရှိတော့ ဒီဟာက စစ်ကောင်စီတပ်အတွက် တချိန်မဟုတ်တချိန်မှာ တန်ပြန်သက်ရောက်မှုတွေ ကြုံလာရနိုင်တယ်ပေါ့။ ကျနော်တို့ တော်လှန်ရေး အစောပိုင်းမှာ ပြောသလိုပေါ့ ရန်သူ့လက်နက် ကိုယ့်လက်နက် ဒီလိုပဲ လက်ရှိအချိန်မှာတော့ ရန်သူ့အင်အား ကိုယ့်အင်အားပေါ့၊ စနစ်တကျ ဗျူဟာချမှတ် လုပ်ဆောင်ကြဖို့ လိုအပ်လိမ့်မယ်လို့တော့ ကျနော်တို့ ပြောချင်ပါတယ်ဗျ။”

အခုဖွင့်လှစ်နေတဲ့ ရကသ-၄ က အမျိုးသမီးတပ်ကြပ်ကြီး၊ အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံတပ်သားသစ် သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်ပါတယ်။

တဖက်မှာလည်း အမျိုးသားစစ်မှုထမ်းသင်တန်း အပတ်စဉ် ၁၅ ပြီးစီးလို့ အပတ်စဉ် ၁၆ အတွက် တပ်သားသစ်စုဆောင်းကာ သင်တန်းကျောင်းတွေဆီ ပို့ဆောင်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013