
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာမှာ ဇူလိုင် ၂၆ ရက် ညပိုင်းက ပျူစောထီးအဖွဲ့ဝင် တယောက် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဘီးလင်းမြို့နဲ့ ၅ မိုင်ခန့်အကွာ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာနေသူ ပျူစောထီး အဖွဲ့ဝင် စောဘခက်ဟာ ဇူလိုင် ၂၆ ရက် ည ၇ နာရီခွဲက ရာဘာခြံကနေ နေအိမ်အပြန် ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတယောက်က ပြောပါတယ်။
“ရာဘာခြံကအပြန် သူ့အိမ်ရှေ့နားမှာပဲ ပစ်သွားတာပါ။ ဘယ်အဖွဲ့ကလဲတော့ မသိဘူး။ အမျိုးသား ၂ ယောက်ပါ။ သေနတ်နဲ့ ၃ ချက် ပစ်သွားတာ။ သူက ရာအိမ်မှူးလည်း လုပ်တယ်။ ရွာက ပြည်သူ့စစ်အဖွဲ့ထဲလည်း ပါတယ်။ ရွာမှာ အာကျယ်အာကျယ်နဲ့ဆိုတော့ လာလုပ်သွားတာ နေမှာပေါ့။”
ပစ်သတ်ခံရတဲ့ အသက် ၄၉ နှစ်အရွယ် စောဘခက်ဟာ ကျေးရွာ ရာအိမ်မှူးတယောက် ဖြစ်သလို ပျူစောထီးအဖွဲ့ဝင်တယောက်ဖြစ်ပြီး ကျေးရွာအတွင်း စစ်ကောင်စီ စစ်မှုထမ်းစာရင်း ကောက်ယူရေးနဲ့ ရွေးကောက်ပွဲကိစ္စတွေမှာ ရွာသားတွေအပေါ် အနိုင်ကျင့် ရိုင်းစိုင်းမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ခံရတာဖြစ်ကြောင်း ဒေသခံတွေအကြား ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ပစ်ခတ်ခံရမှုကြောင့် စောဘခက်ရဲ့ ဝဲလက်ခုံ ရှပ်ထိဒဏ်ရာ တချက်၊ ဝဲလက်ဖျံ ရှပ်ထိဒဏ်ရာ တချက်၊ ဝဲနံစောင်းဖောက်ဝင်ဒဏ်ရာ တချက် ရရှိခဲ့ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးကတဆင့် မော်လမြိုင် ခုတင် ၃၀၀ တပ်မတော်ဆေးရုံကို ပို့ဆောင် ဆေးကုသထားကြောင်း သိရပါတယ်။
အလားတူ ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီကျော်ကလည်း သထုံမြို့၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) မှ တပ်ဖွဲ့ဝင် ၂ ယောက် အပြင်ထွက်ရင်း လမ်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo: ဒေသခံ