
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျဒူးကျတ်နယ်မြေ၊ ကမ်ဖိုင်ဖစ်လမ်းပေါ်ရှိ အောတောကော ကုန်စိမ်းဈေးကြီးထဲမှာ ဇူလိုင် ၂၈ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး သေနတ်သမားတယောက် အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်က အနက်ရောင်တီရှပ်၊ နံ့သာရောင်ဘောင်းဘီတို ဝတ်ဆင်ပြီး စစ်ရောင်အိတ်ကို စလွယ်သိုင်းထားတဲ့ အရပ်မြင့်မြင့်အမျိုးသားတယောက်ဟာ ဈေးထဲဝင်ရောက်လာပြီး ပစ္စတိုသေနတ်နဲ့ တွေ့မြင်ရာကို အကြောင်းမဲ့ ရမ်းသန်း ပစ်ခတ်နေတာမှာ အစောင့်ဝန်ထမ်း ၃ ယောက် ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါအမျိုးသားဟာ ဈေးသည်အမျိုးသမီးတယောက်ကိုပါ ထပ်မံပစ်ခတ်ပြီး ဈေးထဲတနေရာမှာ ပုန်းအောင်းနေချိန် ဗဟိုရဲတပ်ဖွဲ့ ဟာနုမန်စစ်ကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဈေးကို ထိန်းချုပ်ထားပြီး သူ့ကို လိုက်ရှာတာမှာ နောက်ဆုံးတော့ ဈေးရောင်းတဲ့ခုံပေါ်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်၊ အနေအထားမှာ သူ့ကိုယ်သူ ပြန်ပစ်ပြီး အဆုံးစီရင်သွားတာလို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။
PPTV သတင်းမှာတော့ သူဟာ အဲဒီဈေးမှာ လုံခြုံရေးအစောင့်လုပ်ခဲ့ဖူးသူ ဖြစ်တယ်၊ အမည် နိုင်းနွဲ့ အသက် ၅၄ နှစ်ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး ခိုလတ် (နခွန်းရာ့ချ်ဆီမား) ခရိုင် ဇာတိဖြစ်တယ်၊ ကမ္ဘောဒီးယားသားလို့ ပြောဆိုနေတဲ့ ကောလာဟလစကားတွေ မယုံကြည်ဖို့၊ လက်ရှိ နယ်စပ်ပဋိပက္ခနဲ့ မရောထွေးဖို့ တာဝန်ရှိသူတွေ သတိပေးနေကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod / ThaiPBS / PPTV