
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ တပတ်အတွင်း စစ်ကောင်စီတပ်သား ၃ ယောက် KNLA ထံ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ် ၄ ရက်နေ့မှာ သရက်ချောင်းမြို့နယ်အတွင်းရှိ ခလရ တပ်ရင်း ၄၀၃ ဝင်းဝတပ်စခန်းမှ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄၊ တပ်ရင်း ၁၂၊ တပ်ခွဲ ၂ ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဆိုပါတယ်။
အဆိုပါ တပ်သား ၂ ယောက်မှာ သူတို့ထက်အရင် ဘက်ပြောင်းခိုလှုံလာသူတယောက်ရဲ့ ချိတ်ဆက်ကူညီမှုနဲ့ ဆက်သွယ်ခိုလှုံလာတာဖြစ်ပြီး MA-1 ၁ လက်၊ MA-2 ၁ လက်၊ ကျည်ဆန် ၄၀၀၊ ကျည်ဘောက် ၈ ခုတို့ကိုပါ ယူဆောင်လာတယ်လို့ ဖော်ပြထားပါတယ်။
KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “ပထမတယောက်ကတော့ သူ့ဘာသာ ပြေးလာတယ်။ ကျနော်တို့ဆီကို လက်နက်ပါ ပါလာတယ်။ အဲဒီတယောက်ကနေ ပြန်ချိတ်ဆက်တဲ့အတွက် နောက်ထပ်နှစ်ယောက်ပါ ဘက်ပြောင်းတာမျိုးပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကလည်း စစ်ကောင်စီရဲ့ ဝင်းဝတပ်စခန်းမှ အသက် ၃၈ နှစ်ရှိ တပ်သား မောင်ကျော်ကျော်လည်း KNLA တပ်ရင်း ၁၂၊ တပ်ခွဲ ၂ ထံ ဘက်ပြောင်းခိုလှုံခဲ့ပါသေးတယ်။
ဘက်ပြောင်းခိုလှုံလာသူတွေဖြစ်တဲ့ အသက် ၄၂ နှစ်ရှိ ကိုမင်းစိုးနဲ့ အသက် ၂၀ နှစ်ရှိ ကိုဇော်ဇော်တို့ကို ငွေကျပ် သိန်း ၄၀ စီ ချီးမြှင့်ခဲ့သလို ချိတ်ဆက်ကူညီပေးခဲ့တဲ့ မောင်ကျော်ကျော် ကိုလည်း ငွေကျပ်သိန်း ၂၀ ချီးမြင့်ခဲ့ပြီး သူတို့ကို အဆိုပါ တပ်ခွဲဌာနချုပ်မှာ ကောင်းမွန်စွာ ထားထားတယ်လို့ ဆိုပါတယ်။
တပ်သား ၂ ယောက် ဘက်ပြောင်းခိုလှုံလာတဲ့ ဩဂုတ် ၄ ရက်နေ့မှာ ဝင်းဝတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ဝင်းဝကျေးရွာအတွင်း လိုက်လံရှာဖွေခဲ့သလို အသက် ၅၈ နှစ်အရွယ် ဝင်းဝရွာသား ဦးသန်းစိုးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျေးရွာနေပြည်သူတချို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးတာမျိုး ပြုလုပ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံနဲ့ မြေပြင်ရဲဘော်တွေထံက သိရပါတယ်။