Home
မြန်မာသတင်း
ကော့သောင်းတွင် စစ်ကောင်စီတပ်သား ၁ ဦး ဘက်ပြောင်းခိုလှုံ
DVB
·
July 31, 2025

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် အခြေစိုက် ခမရ ၄၃၁ တပ်ရင်းက စစ်ကောင်စီတပ်သား တယောက် ဇူလိုင် ၂၉ ရက် ညဘက်မှာ တပ်ရင်းက ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ထွက်ပြေးလာတဲ့တပ်သားဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့က အသက် ၂၆ နှစ်အရွယ် ကိုအေးမင်းထွန်း ဖြစ်ပြီး ရွှေဘိုမြို့ အမှတ် ၈ သင်တန်းကျောင်းဆင်းသူဖြစ်ကာ စစ်ကောင်စီလက်အောက်မှာ တနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ကော့သောင်းမြို့နယ်၊ နမ္မတူအခြေစိုက် ရှေ့တန်းစခန်းကနေ ထွက်ပြေးလာခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“သူက ၃ ခါ ထွက်ပြေးတယ်။ ပထမထွက်ပြေးတာ မအောင်မြင်ဘူး၊ အဖမ်းခံရတယ်။ ရှေ့တန်းကို ပြန်လွှတ်တဲ့အခါမှာ လမ်းမှာ မြိတ်မှာပဲ ဒုတိယအကြိမ် ထွက်ပြေးတယ်။ မန္တလေးမှာ အဖမ်းခံရတယ်။ မန္တလေးမှာ သူ့ကို ချုပ်ထားတော့ ၄၃၁ တပ်ရင်းကနေ သူ့ကို ပြန်လာခေါ်တယ်။ သူ့ကို ပြန်ပြီး စစ်မှုထမ်းခိုင်းတယ်။ နမ္မတူရှေ့တန်း ခြေကုပ်စခန်း ရောက်တဲ့အချိန်မှာ ပြန်ထွက်ပြေးလာပြီးတော့ လွတ်မြောက်လာတယ်။”

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်တာကြောင့် ၃ ကြိမ်တိုင် ထွက်ပြေးခဲ့ပြီး ၂ ကြိမ်တိုင် ဖမ်းဆီးထိန်းသိမ်းခံရပြီးမှ ၃ ကြိမ်မြောက် ထွက်ပြေးရာမှာတော့ ပြည်သူ့ရင်ခွင်ထံ ချိတ်ဆက်ခိုလှုံနိုင်ခဲ့တာလို့ ပြောပါတယ်။

လက်ရှိ ဘက်ပြောင်းလာတဲ့ တပ်သား ကိုအေးမင်းထွန်းကို ဘေးကင်းလုံခြုံစွာထားရှိပြီး နောက်ထပ် ဘက်ပြောင်းလာမယ့်သူတွေကိုလည်း လက်ခံကြိုဆိုသွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။

အခု ဇူလိုင်လအစောပိုင်းကလည်း နမ္မတူအခြေစိုက် ရှေ့တန်းစခန်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် ထွက်ပြေးလာပြီး ကော့သောင်းမြို့နယ် ပကဖအဖွဲ့ထံ ဘက်ပြောင်းလာခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013