Home
မြန်မာသတင်း
မင်းကွန်းတွင် စစ်ကောင်စီတပ်သားသစ် ၃ ဦး အလင်းဝင်
DVB
·
July 23, 2025

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ် ၃ ယောက် ဇူလိုင် ၂၂ ရက်က သေနတ်တလက်နဲ့အတူ အလင်းဝင်ရောက် ပူးပေါင်းခိုလှုံလာတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ ရဲဘော်တယောက်က “စစ်ကြောင်းထဲကနေ သူတို့ ၃ ယောက်လုံး ထွက်ပြေးလာကြတာ။ ၃ ယောက်မှာမှ သေနတ် ၁ လက်ပဲ ယူလာနိုင်ခဲ့တယ်” လို့ ပြောပါတယ်။

အဆိုပါ အလင်းဝင်ရောက်ခိုလှုံလာကြသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မတရားပေါ်တာဆွဲခံရပြီး စစ်မှုထမ်းအပတ်စဥ် ၈ နဲ့ ၁၀ တို့မှာ စစ်သင်တန်း ​တက်ရောက်ခဲ့ကြရသူတွေလို့ ဆိုပါတယ်။

ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံ Someday က “သူတို့ပြောပုံအရဆိုရင် စစ်တပ်ဘက်က စစ်ကြောင်းတကြောင်းမှာ ပေါ်တာဆွဲပြီး တပ်ထဲထည့်ထားတဲ့ တပ်သားသစ်တွေ အများကြီး ပါတယ်။ စစ်ကြောင်းထွက်ရင် သူတို့ကို ရှေ့ဆုံးကနေ တက်ခိုင်းတယ်။ လမ်းကြောင်းတွေမှာ မိုင်းရှင်းရတော့လည်း တပ်သားသစ်တွေပဲ။ အသေအများဆုံးကလည်း တပ်သားသစ်တွေ အများဆုံးပဲတဲ့။ အလင်းဝင်လာသူတွေရဲ့ အချက်အလက်တွေကတော့ လုံခြုံရေးအရ ပြောလို့မရသေးပါဘူး။ သူတို့ ဘာဆက်လုပ်ကြမှာလဲဆိုတာ တိုင်ပင်နေတုန်းပါ။ သေနတ် ပါလာတဲ့သူကို ဆုငွေပေးဖို့လည်း ဆောင်ရွက်နေပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်ထဲမှာ ကျန်နေကြသူတွေအနေနဲ့လည်း တိုက်ပွဲတွေအတွင်း အသက်အသေမခံဘဲ နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ကာ လက်နက်ယူဆောင်ပြီး အမြန်​ဆုံးထွက်ပြေးလာကြဖို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ မင်းကွန်းဒေသကို ပြီးခဲ့တဲ့ မေလအတွင်းကနေ အဆက်မပြတ် စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ မင်းကွန်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Photo: ယူနီကွန်းပြောက်ကျားတပ်ဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013