Home
မြန်မာသတင်း
နောက်ပြန်ဆုတ်သူများ ပစ်ခတ်သတ်ဖြတ်ခံရဟု အလင်းဝင် ပြည်သူ့စစ်တပ်သား ပြော 
DVB
·
July 16, 2025

နိုင်ငံတဝန်းလုံးမှာ စစ်ရှုံးပြီး စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက သူတို့ဆုံးရှုံးထားတဲ့ မြို့တွေနဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းမှုတွေ ရှိတယ်လို့ ဇူလိုင် ၁၅ ရက်မှာ အာရက္ခတပ်တော် (AA) က  ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အရင်နှစ်တွေတုန်းကလို နေရာအများမှာ အထိအခိုက် အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေဟာလည်း တပ်မှူးတွေရဲ့ အနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့နဲ့ တိုက်ခိုက်လိုစိတ် မရှိတော့တာကြောင့် နေ့စဉ် တပ်ပြေးမှုတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် အမ်း-ပဒါန်းကြား တိုက်ပွဲအတွင်း ထွက်ပြေးလာပြီး AA ကို အလင်းဝင်လာတဲ့ ပြည်သူ့စစ်တွေကလည်း ရှေ့တန်းတိုက်ပွဲတွေမှာ ပြည်သူ့စစ်တွေကို ရှေ့ကတိုက်ခိုင်းပြီး နောက်ပြန်ဆုတ်လာသူတွေကို စစ်ကောင်စီ အရာရှိတွေက ပစ်ခတ်သတ်ဖြတ်မှုတွေ ရှိတယ်လို့ AA ထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ် တပ်သား နေလင်းအောင်က ပြောထားပါတယ်။

“ကျနော်တို့ ပစ(ပြည်သူ့စစ်) တော်တော်များများက ရှေ့ဆုံးပွိုင့်မှာ ရှင်းရတာ များပါတယ်။ ရှေ့မှာ ဘယ်သူမှမရှိဘူး။ ကျနော်တို့ ပစ(ပြည်သူ့စစ်)တွေပဲ ရှိတယ်။ ရန်သူနဲ့ မျက်နှာချင်းဆိုင်ပြီး ပစ်လိုက်ပြီဆိုရင် ရန်သူဘက်က ဖိအားတွေများပြီး ပြန်ပြီးဆုတ်လာပြီဆိုရင် နောက်က အရာရှိ အရာခံ တော်တော်များများက ပစ်တာများတယ်။ မင်းတို့ ဘာလို့ဆုတ်လာလဲဆိုပြီး ပစ်တာများတယ်။ အဲဒီလိုပစ်တာဆို ကျနော့်ရှေ့မှာတောင် သူငယ်ချင်းတယောက်က နောက်က အရာရှိပစ်လိုက်လို့ နောက်စေ့ပွင့်သွားတယ်။ ကျနော့်မျက်မြင်ကိုယ်တွေ့ပေါ့။ အဲဒီလို မြင်တွေ့လာရတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ ကြောက်တဲ့အခါ သူတို့က ရှေ့တက်ဆိုရင် ကျနော်တို့က ရှေ့တက်ပေးရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတဝန်းလုံးမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးကာ ပြည်သူ့စစ် အတင်းသွင်းနေတာတွေရှိပြီး သင်တန်းဆင်းလူငယ်တွေကို သူတို့ရဲ့ စိတ်ဆန္ဒမပါဘဲ ရှေ့တန်း စစ်မျက်နှာပြင်တွေက အတင်းပို့ဆောင်နေတယ်လို့ အာရက္ခတပ်တော်က ပြောထားပါတယ်။

အဲဒီလို ရှေ့တန်းစစ်မြေပြင်ကို အတင်းအဓမ္မ ပို့ဆောင်ခြင်းခံရတဲ့ စစ်ကောင်စီရဲ့ တပ်သားသစ်တွေ သို့မဟုတ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရရင်ရသလို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေဆီကို ဘက်ပြောင်းခိုလှုံဖို့ ကြိုးစားလာမှုတွေလည်း ရှိကြတယ်လို့ AA က ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ WY မူးယစ်ဆေးဝါးတွေကို ထောက်ပို့တွေက တဆင့် မှာယူသုံးစွဲခွင့်ရှိတယ်လို့ AA ကို ခိုလှုံလာတဲ့ ပြည်သူ့စစ် တပ်သား နေလင်းအောင်က ပြောပါတယ်။

“မူးယစ်ဆေးဝါး သုံးစွဲကြတာက ဟုတ်တယ်ဗျ။ ကျနော်တို့ ကုန်းပေါ်မှာ တော်တော်များများ သုံးကြတယ်။ မူးယစ်ဆေးဝါး ဆိုတာမှာ WY တော်တော်များများ သုံးကြတာပေါ့။ WY ဆိုတာမှာလည်း ပဒါန်းဘက်ကနေ ထောက်ပို့တွေနဲ့ ဖုန်းဆက်ပြီး မှာကြရတာ။ တလုံး ၃၀,၀၀၀ ပေးရတယ်။ တခြား မူးယစ်ဆေးဝါးတွေတော့ မရှိဘူး။”

အခု အာရက္ခတပ်တော်ထံမှာ အလင်းဝင်လာကြတဲ့ ပြည်သူ့စစ်တပ်သား ၂ ယောက်ဟာ ရန်ကုန်မြို့ လှိုင်မြို့နယ်က တယောက်နဲ့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က တယောက်တို့ ဖြစ်ကြပြီး တပ်မ ၉၉ နဲ့အတူ နတ်ရေကန် ဗျူဟာစခန်းမှာ ရှေ့တန်းပို့ခံထားရတာ ဖြစ်ပါတယ်။

ငဖဲမြို့နယ် ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာတိုက်ပွဲမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ အကြား ၂၀၂၅ ဇန်နဝါရီလကနေ လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေကြဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013