Home
မြန်မာသတင်း
မုံရွာတွင် စစ်ကောင်စီတပ်သားသစ် ၄ ဦး လက်နက်ခဲယမ်းနှင့်အတူ  PDF ထံ အလင်းဝင်
DVB
·
July 4, 2025
Photo: :မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်ထဲမှာ စစ်မှုထမ်းနေရတဲ့တပ်သားသစ် ၄  ယောက် ဇူလိုင် ၃ ရက် မနက်ပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာကြတယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကနေ သိရပါတယ်။

မုံရွာမြို့နယ် ပလဖ တာဝန်ခံ ကိုအာကူးက “စစ်တပ်က ပေါ်တာဆွဲပြီး နမခ ထဲရောက်နေတဲ့ တပ်သား ၄ ယောက်က မုံရွာမြို့နယ် ပကဖ၊ တိုက်နယ် ၂ တိုက်ခိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်လာကြတာ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေဟာ သူတို့တာဝန်ကျနေကြတဲ့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အခုနှစ်ထဲမှာ  အလင်းဝင်ခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ နီးပါးရှိလာပြီး  လတ်တလော အလင်းဝင်လာတဲ့ ၄ ယောက်ထဲမှာ ၃ ယောက်က လက်နက်နဲ့ ခဲယမ်းတချို့ပါလာတယ်လို့  မုံရွာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“အခု ၄​ ယောက်ထဲမှာ ပေါ်တာဆွဲခံရတဲ့သူပါသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးရဲ့ လူစားထိုးထည့်တာခံရတဲ့ သူလည်းပါတယ်။ သူတို့တွေအလင်းဝင်ချင်လို့ ကျနော်တို့ဆီကို ချိတ်ဆက်ထားတာတော့ကြာပြီ။ ကြာနေရတာက သူတို့နေခဲ့ရတဲ့တပ်တွင်းထဲမှာ အခုလိုပြေးတဲ့ သူတွေများလို့ဆိုပြီးတော့ ကင်းချိန်ကလွဲလို့ လက်နက်ပေးမကိုင်ဘူး။ သူတို့တွေလည်း အဲ့လိုဘဲ။ လက်နက်လက်ထဲရောက်နေတဲ့အချိန် ကျနော်တို့ဆီကိုဆက်သွယ်လာလို့ နမခ နားမှာရှိတဲ့ ရွာတရွာက သူတို့တာဝန်ကျနေတဲ့ ကာကင်းစခန်းနားအထိသွားခေါ်ထုတ်ခဲ့ရတာ။ ရဲဘော်တွေ အန္တရာယ်တော့များတာပေါ့။”

အလင်းဝင်ရောက်လာကြသူတွေဟာ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးနဲ့ နင်းမိုင်း ၁ လုံးတို့ယူဆောင်လာကြလို့ ဆုကြေးငွေပေးအပ်နိုင်ဖို့ စီစဥ်ဆောင်ရွက်နေပါတယ်။ သူတို့ ၄ ယောက်ထဲမှာ မိသားစုဆီပြန်ချင်တဲ့သူတွေပါသလို ကျနော်တို့အဖွဲ့ထဲဝင်ပြီး စစ်တပ်ကိုပြန်တိုက်မယ့်သူတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

မုံရွာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက  “သူတို့တွေစစ်တပ်ထဲမှာ မှိုင်းတိုက်ခံထားရတာက PDF တွေဆီကို အလင်းဝင်ရင် အသတ်ခံရနိုင်တယ်ပေါ့။ အလင်းဝင်သွားရင်လည်း ကျန်နေတဲ့မိသားစုတွေကိုဖမ်းပြီး သတ်ပစ်မယ်။ ပိုင်ဆိုင်တာတွေကိုလည်းသိမ်းမယ်လို့ ခြိမ်းခြောက်ခံထားရတယ်။ ဒါပေမဲ့ အရဲစွန့်ပြီး အလင်းဝင်လာတယ်လို့ ပြောကြတယ်။ ကျနော်တို့ဆီရောက်မှ သူတို့မှိုင်းသွင်းခံထားရသလို မဟုတ်ဘူးဆိုတာသိသွားကြတယ်။ သူတို့ ၄ ယောက်လုံးက ဧရာဝတီတိုင်းသားတွေပါ”လို့ ပြောပါတယ်။

စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အနေနဲ့ နီးစပ်တဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးချိတ်ဆက်ခိုလှုံအလင်းဝင်ရောက်ကြဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013