Home
မြန်မာသတင်း
ဇွန်လအတွင်း စစ်ကောင်စီတပ်မှ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း ၁၀၀ ကျော်ရှိ
DVB
·
June 23, 2025

အခုဇွန်လ ဒုတိယပတ်မှာ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ်တွေ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံရလို့ စစ်သုံ့ပန်းဖြစ်တာ အယောက် ၁၀၀ ကျော်ရှိပြီး အခုနှစ်ဝက်အတွင်း အယောက် ၁၄၀၀ လောက်ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အလင်းဝင်လာတဲ့ စစ်သား စုစုပေါင်း ၅၄ ယောက်ရှိပြီး ရခိုင်ပြည်နယ်မှာ အယောက် ၄၀၊ တနင်္သာရီတိုင်းမှာ ၄ ယောက်၊ ပဲခူးတိုင်းမှာ ၄ ယောက်၊ ကရင်ပြည်နယ်မှာ ၃ ယောက်၊ မကွေးတိုင်းမှာ ၁ ယောက်၊ ရန်ကုန်တိုင်းမှာ ၁ ယောက် လို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေထဲက ၁၁ ယောက်ဟာ  စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ရဲ ၁ ယောက် အလင်းဝင်တယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။

စစ်သုံ့ပန်းအဖြစ် မကွေးတိုင်းမှာ စစ်သား ၂၈ ယောက်၊  မန္တလေးတိုင်းမှာ စစ်သား ၁ ယောက် ဖမ်းဆီးခံရပြီး စစ်ကိုင်းတိုင်းမှာတော့ ပြည်သူ့စစ် ၁၈ ယောက် ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။

‘ဒီတပတ်မှာတော့ လှုပ်လှုပ်ခတ်ခတ်ကမ္ဘာ့အရေးနဲ့အတူ အလင်းဝင်၊ လက်နက်ချ အရေအတွက်လည်း များလာခဲ့ပါတယ်။ အာဏာရှင်ခံတွင်းဝဆိုတာမျိုးက အသက်နဲ့ဘဝတွေ ဘယ်လောက်ပေးပေး အာသာပြေတတ်တာမျိုး မဟုတ်လေတော့ ကိုယ့်ဘဝလေး ပြာမှုန်မဖြစ်စေဖို့ ရတဲ့နည်းနဲ့ ရုန်းထွက်ကြဖို့ ဒီတပတ်မှာလည်း ထပ်မံတိုက်တွန်းရင်း’ လို့ ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။

ဒီအချက်အလက်တွေဟာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေဆီကနေ ကောက်ယူမှတ်တမ်းတင်ထားတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လဒုတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၁၃၉၈ ယောက်ရှိတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013