
နှစ်စဉ်ကျင်းပနေကျ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ၈ ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။
မီးပုံးပျံပွဲတော်ကို လာမယ့် အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၅ ရက်အထိ နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ ၂ ချောင်း၊ အရုပ်ခြေ ၄ ချောင်း အရုပ်အုပ်စုများ၊ ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိတ်နားပန်မီးပုံးပျံတို့ကို အဝေရာမီးပုံးပျံကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း တာဝန်ရှိသူတယောက်က “ဒီနှစ်လည်း ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားဖို့ ရှိပါတယ်။ မနှစ်ကလည်း လာရောက်သူ များပါတယ်။ မီးပုံးပျံပွဲတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ လုံခြုံရေးတွေကအစ သေချာစီမံထားပါတယ်” လို့ ပြောပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကစပြီး ၃ နှစ်ကြာ ရပ်နားထားခဲ့ကာ ၂၀၂၃ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ကျင်းပခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်မှာ ညမီးကြီး မီးပုံးပျံ ၂၆ လုံး၊ စိန်နားပန်မီးပုံးပျံ ၂၄ လုံးနဲ့ နေ့လွှတ် မီးပုံးပျံ ၁၀၀ ကျော်ကို လွှတ်တင်ခဲ့တယ်လို့ သိရပါတယ်။