Home
မြန်မာသတင်း
ရာသီဥတုအခြေအနေကြောင့် တောင်ကြီးတန်ဆောင်တိုင်ပွဲ ရက်ရွှေ့
DVB
·
November 9, 2024
Photo-ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့တော်တောင်ကြီးမှာ စစ်ကောင်စီကျင်းပမယ့် တန်ဆောင်တိုင် မီးပုံးပျံပွဲကို ရာသီဥတုအခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီကျင်းပမယ့်တန်ဆောင်တိုင်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကျင်းပမယ်လို့ ကြေညာထားပေမယ့် ရာသီဥတုအခြေအနေကြောင့် နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ  ရက်ရွှေ့ကျင်းပသွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းက ထပ်မံအတည်ပြုကြေညာထားပါတယ်။

မီးပုံးပျံပညာရှင်အဖွဲ့ဝင်တယောက်က “ခုမိုးရွာတာ ၄ ရက်လောက်ရှိပြီ။ ဘယ်ရက်အထိ ရွာမယ်ဆိုတာ မသိရဘူး။  ပွဲအချိန် အဆင်ပြေပြေနဲ့သွားလာနိုင်ဖို့ ကြည့်ရှုနိုင်ဖို့  နိုဝင်ဘာ ၁၁ ရက်နေ့မှစဖို့ ထပ်မံရွှေ့တာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ တန်ဆောင်တိုင်ပွဲလုပ်ဖို့ စစ်ကောင်စီက ပြည်သူတွေကို အတင်းအကြပ်ခိုင်းတာရှိသလို တောင်ကြီးမြို့နဲ့ မိုင် ၇၀ လောက်ပဲဝေးတဲ့ ဆီဆီုင်၊ ပင်လောင်း ဒေသမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဗုံးကြဲတာ၊ လေကြောင်းတိုက်ခိုက်တာတွေ အခုထိ လုပ်နေတာကြောင့် လာမလည်စေချင်ဘူးလို့ တောင်ကြီး ဒေသခံတယောက်က ပြောပါတယ်။

“တန်ဆောင်တိုင်ပွဲက စစ်တပ်လုပ်တာဖြစ်တယ်။ လာမလည်စေချင်ပါဘူး။ စီမံတာ ညံ့ဖျင်းလို့ အခန့်မသင့်ရင် တန်ဆောင်တိုင်ကွင်းထဲမှာ လာလည်ကြမယ့်သူတွေအနေနဲ့ ထိခိုက်ဒဏ်ရာရပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်” လို့ ပြောပါတယ်။

အခုနှစ်တန်ဆောင်တိုင်ပွဲမှာ ညဘက်လွှတ်တင်မယ့် မီးပုံးပျံကြီး ၄၇ လုံးနဲ့ နေ့ဘက် လွှတ်တင်မယ့်  အရုပ်မီးပုံးပျံ ၂၀၉ လုံး ပါဝင်တယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များ အသင်းဆီက သိရပါတယ်။

မီးပုံးပျံပွဲကိုလုပ်ဖို့ တောင်ကြီးမြို့တွင်းမှာ တအိမ်ကို ငွေကျပ် ၅,၀၀၀ စီကောက်ခံနေသလို တချို့ ရပ်ကွက်တွေမှာတော့ ရပ်ကွက်အလိုက် ကျပ်သိန်း ၃၀ အထိ ကောက်ခံနေပြီး လုံခြုံရေးလည်း တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်နေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ တောင်ကြီးမြို့ကို လာရောက် စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်တွေဆီကပါ ငွေကြေးကောက်ခံနေတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့သိရပြီး တန်ဆောင်တိုင် မီးပုံးပျံပွဲကို မဖြစ်မနေလာရောက် ကြည့်ရှုကြဖို့လည်း စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေမှာ အသံချဲ့စက်နဲ့ နှိုးဆော်နေတယ်လို့လည်း သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အနယ်နယ်အရပ်ရပ်က လာရောက်မယ့်သူ များပြားပြီး ဟိုတယ်တွေလည်း ဘိုကင်တင်ထားသူတွေနဲ့ပြည့်နေပြီလို့ တောင်ကြီးက ဟိုတယ်နဲ့ တည်းခိုရိပ်သာ တာဝန်ရှိသူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013