COVID-19 ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတာကြောင့် ၃ နှစ်ကျော် ရပ်ထားခဲ့တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ပါဝင်ဆင်နွှဲတာတွေမလုပ်ဖို့ တောင်ကြီးမြို့ခံတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက နိုဝင်ဘာ ၁၀ ရက်က တိုက်တွန်းထားပါတယ်။
နိုဝင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်နေ့အထိ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို ကျင်းပဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရက စီစဉ်နေတာဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းဘက်က ကရင်နီ(ကယား)ပြည်နယ်တို့မှာ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေကြတာပါ။
တော်လှန်ရေးထောက်ခံသူ တောင်ကြီးမြို့ခံ အမျိုးသားတယောက်က “မြေပြင်မှာ တော်လှန်ရေး လုပ်နေတဲ့သူတွေရယ် မြို့ပေါ်ကလူတွေရယ်ဆို ကမ္ဘာနှစ်ခုလိုပဲ။ ဒီပွဲကို သွားတာ၊ ပျော်ပါးတာဆင်နွှဲတာ မလုပ်ဖို့ပြောချင်တယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ အလားတူ ၃ နှစ်ကြာ မကျင်းပနိုင်တဲ့အင်းလေးဖောင်တော်ဦး ဘုရားပူဇော်ပွဲကို အခုနှစ်မှာပြန်လည်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်ကနေ ၂၈ ရက်အထိ ညောင်ရွှေမြို့ အင်းလေးကန်အနီးတဝိုက်ရွာတွေဆီ လှည့်လည်အပူဇော်ခံခဲ့ပါတယ်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ရိုးရာမပျက်ထိန်းသိမ်းနိုင်ဖို့၊ ဒေသတွင်း စားသောက်ကုန်၊ လက်မှုပစ္စည်း၊ ရိုးရာယက်ကန်းရုံတွေနဲ့ ဟိုတယ်နဲ့ခရီးသွား လုပ်ငန်းတွေအတွက် အထောက်အကူပြုနိုင်ဖို့ရည်ရွယ်ပြီး ပြန်ကျင်းပရတာဖြစ်တယ်လို ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
မီးပုံးပျံပွဲကျင်းပမဲ့ တောင်ကြီးမြို့ အဝေရာကွင်းကိုလည်း အောက်တိုဘာလကစပြီး ဒီကနေ့အထိကွင်းပြင်ဆင်တာတွေ လုပ်နေပါတယ်။
ညမီးကြီးမီးပုံးပျံပြုလုပ်သူ ဒေသခံ အမျိုးသားတယောက်က “အရင်ကလို ရိုးရာပွဲလို မခံစားရတော့ဘူး၊ အခုနှစ်က အတင်းလုပ်တာလို့ ပြောလို့ရတယ်၊ ရပ်ကွက်တခုကို မီးပုံးတလုံးဆိုပြီး ဖိအားပေးတာလည်းရှိတယ်။
အခု သူတို့က ရပ်ကွက်အလိုက် ပိုက်ဆံပေးတယ်” လို့ ပြောပါတယ်။ အခုနှစ် ၂၀၂၃ တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်မှာ ညမီးကြီးအမျိုးအစား မီးပုံးပျံ ၃၈ လုံးနဲ့ စိန်နားပန်အမျိုးအစား မီးပုံးပျံ ၂၅ လုံး လွှတ်တင်သွားမယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက ထုတ်ပြန်ထားပါတယ်။