စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသရှိ လူနေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းမြို့နယ်မြောက်ခြမ်း မင်းကွန်းရွာရဲစခန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ လောက်က မင်းကွန်းရွာနဲ့ ကပ်လျက်ရှိတဲ့ ရှားရှောင်းရွာကို မီးရှို့ခဲ့တာပါ။
မီးရှို့ခံရမှုကြောင့် မင်းကွန်းဆရာတော်ဘုရားကြီးကျောင်းအနီးက လူနေအိမ် ၄ လုံး၊ ရှားရှောင်းရွာက လူနေအိမ် ၂၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မင်းကွန်း စခန်းက စကစတွေကရှို့တာ မင်းကွန်းရွာသစ်၊ တောင်ရွာ၊ မြောက်ရွာနဲ့ ရှားရှောင်း ၄ နေရာခွဲပြီး မီးရှို့တာပါ၊ ဆိုင်ခန်းတွေ ကုန်စုံဆိုင်တွေလည်း ပါသွားတယ်၊ အိမ်က တောင်ရွာ ၂ လုံး မြောက်ရွာ ၂ လုံး ကျန်တာက ရှားရှောင်းက ၂၈ လုံးပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဇူလိုင် ၂၃ ရက် မနက်မှာ မင်းကွန်းရဲစခန်းက စစ်အရာရှိ ၁ ဦးနဲ့ ပျူစောထီး ၁ ဦးတို့ကို စစ်ကိုင်းမြို့အနီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရာ ၂ ဦးလုံး သေဆုံးခဲ့တဲ့အတွက် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။