Home
မြန်မာသတင်း
ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီရဲစခန်းကို မီးရှို့ဖျက်ဆီး၊ မြို့သာရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ
DVB
·
July 24, 2024

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားတဲ့ မင်းနေကုန်းကျေးရွာ နယ်မြေရဲစခန်းကို ဇူလိုင် ၂၁ ရက် မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီကနေ သိရပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့ တာ၀န်ခံတဦးက  “ဒီမင်းနေကုန်းနယ်မြေရဲစခန်းမှာ စစ်သားနဲ့ ရဲအင်အား ၂၀ လောက်တပ်စွဲနေခဲ့တယ်။ ကားတွေနဲ့ သူတို့တွေ စခန်းစွန့်ခွာထွက်ပြေးမယ်ဆိုတာ သတင်းရလို့ သွားတိုက်တာမမီတော့ဘူး။ မြို့သာရဲစခန်းကို သွားပေါင်းတယ်လို့သိရတယ်။ အဲ့ဒါကြောင့် သူတို့စခန်းကိုမီးရှို့ဖျက်ဆီးခဲ့တာ”လို့ DVB ကို ပြောပြပါတယ်။

အဆိုပါရဲစခန်းကို နယ်မြေရှင်းလင်းခဲ့ရာမှာ ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့၀င်တဦးက “ဒီကောင်တွေကြောက်ပြီး ပြေးသွားကြတာဗျ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းကလည်း  အဲ့ဒိရဲစခန်းက ရဲ ၃ ကောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သေးတယ်”လို့  ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၊ ဒေါင်းနီပြောက်ကျားတပ်ဖွဲ့၊ Hero people Defence Force (မြင်းခြံ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့  သိရပါတယ်။

မင်းနေကုန်းကျေးရွာနယ်မြေရဲစခန်းကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေ သွားရောက်ပေါင်းစည်းတဲ့ မြို့သာရဲစခန်းကိုလည်း ဇူလိုင် ၂၁ ရက် နေ့လယ် ၂ နာရီခွဲ၀န်းကျင်မှာ ဒရုန်းနဲ့ ဗုံးသီး ၂ ကြိမ်ကြဲချတိုက်ခိုက်ခဲ့​တယ်လို့ Youths Of Mandalay အဖွဲ့ဆီကနေ သိရပါတယ်။

Youths Of Mandalay ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “မင်းနေကုန်းနယ်မြေရဲစခန်းက ထွက်ပြေးလာကြတဲ့ကောင်တွေ မြို့သာရဲစခန်းမှာလာစုနေကြလို့ ဒရုန်းနဲ့ ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ စုံစမ်းနေတုန်းပဲဗျ။ ကျနော်တို့ရဲဘော်တွေကတော့ အထိအခိုက်မရှိဘဲ ပြန်ဆုတ်လာနိုင်ခဲ့ကြတယ်” လို့ ​ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို Youths Of Mandalay၊ မြင်းခြံခရိုင် တပ်ရင်းအမှတ် ၆ တပ်ခွဲ ၃၊ နဂါးနီပြောက်ကျား (မြင်းခြံ) နဲ့ ဧရာဝတီမင်းသားပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ကြပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ DVB အနေနဲ့ မြို့သာရဲစခန်းကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့  လက်ခံဖြေဆိုသူ မရှိခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013