
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ နိုဝင်ဘာ ၉ ရက် ဒီနေ့လယ်ပိုင်းက ကားတစီး ချောက်ထဲထိုးကျပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့ဆီကနေ သိရပါတယ်။
တောင်ကြီးကနေ မန္တလေးကို မောင်းနှင်လာတဲ့ JINBEI အမျိုးအစားကားဟာ ဒီနေ့လယ် ၁ နာရီ မိနစ် ၂၀ လောက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာနဲ့ မဂွေကျေးရွာကြား၊ မိုင်တိုင်အမှတ် ၅၆/၆ မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ဘယ်ဘက် ချောက်ထဲကို တိမ်းမှောက်သွားခဲ့တာပါ။
ကလောမြို့နယ်မီးသတ်စခန်း တာဝန်ရှိသူတယောက်က “သတင်းရရချင်း ကျနော်တို့သွားတယ်။ ဒေသခံလူမှုရေးအသင်းတွေကိုလည်း အကြောင်းကြားတယ်။ ၅ ယောက်ကတော့ နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံကိုပို့ထားပါတယ်။ ပြင်းထန်လူနာတော့မရှိဘူး” လို့ ပြောပါတယ်။
ကားပေါ်မှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၉ ယောက်ပါလာပြီး အဲဒီထဲက အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၂ ယောက် သေဆုံးခဲ့လို့ ကျန်တဲ့သူအားလုံး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို နန့်ပန်တက်လူမှုကူညီရေးအသင်း၊ မကွေကျေးရွာလူမှုကူညီရေးအသင်း၊ မြတ်စေတနာမွန်လူမှုကူညီရေးအသင်းနဲ့ မဟာလူမှုကယ်ဆယ်ရေးအသင်း(အောင်ပန်း)တို့က ကားတွေနဲ့ ကလောမြို့ပြည်သူ့ဆေးရုံဆီကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo : MFSD


