
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ SEA Games ရဲ့ ဘောလုံးပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်တွေကို ဒီဇင်ဘာ ၅ ရက် မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအမျိုးသမီး အသင်းနိုင်ပွဲရပြီး အမျိုးသား ယူ -၂၂ အသင်းကတော့ရှုံးပွဲတွေ့သွားပါတယ်။
မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်အမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာဖြစ်ပြီး ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။
မြန်မာအမျိုးသမီးအသင်းအတွက် အဖွင့်ဂိုးကို ဝါရင့်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက ပွဲအစ ၄ မိနစ်မှာပဲ သွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။ ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၇၀ မှာတော့ ဖိလစ်ပိုင်အမျိုးသမီးအသင်းက မေရီက ခြေပဂိုးပြန်သွင်းခဲ့ပြီး ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ပွဲပြီးခါနီး ၈၉ မိနစ်မှာတော့ မြန်မာအသင်းအတွက် အနိုင်ဂိုးကို လူစားဝင်ကစားသမား မေထက်လူက တောင်ပံကနေ ယွန်းဝတီလှိုင်ကန်တင်ပေးတဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မနေ့ညနေကပဲ ချင်းမိုင်မှာ ကစားခဲ့တဲ့ မြန်မာအမျိုးသား ယူ-၂၂ အသင်းကတော့ ဖိလစ်ပိုင်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။
ဖိလစ်ပိုင်အသင်းအတွက် ပထမဂိုးကို အဲလက်စ်က ပွဲကစားချိန် ၁၉ မိနစ်မှာ သွင်းခဲ့ပြီး ဒုတိယဂိုးကိုတော့ မြန်မာနောက်တန်း ကစားသမား လာဘ်ဝေဘုန်းက ကိုယ့်ဂိုးကိုယ်ပြန် သွင်းမိခဲ့တာပါ။
အဲဒီနောက် ဖိလစ်ပိုင်အသင်း ဂိုးထပ်ရခဲ့ပေမဲ့ လူကျွံဘောအဖြစ်သတ်မှတ်ခံခဲ့ရလို့ မြန်မာအသင်းသက်သာခဲ့တာပါ။
ဒီပွဲမှာ မြန်မာယူ- ၂၂ အသင်းဟာ ဖိလစ်ပိုင်အသင်းကို ခြေစွမ်းပိုင်း မယှဉ်နိုင်ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။


