
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၃၃ ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် မနက်ဖန် ဒီဇင်ဘာ ၅ ရက်နေ့မှာ မြန်မာအသင်း ယူ -၂၂ အသင်းက ဖိလစ်ပိုင်အသင်းနဲ့ စတင်ရင်ဆိုင်သွားရမှာ ဖြစ်သလို မြန်မာအမျိုးသမီးအသင်းကလည်း ဖိလစ်ပိုင်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၉ နိုင်ငံကို ၃ သင်းတအုပ်စုခွဲထားပြီး မြန်မာယူ-၂၂ အမျိုးသား အသင်းက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတိုနဲ့ အုပ်စု C မှာကျရောက်ခဲ့တာပါ။
မြန်မာယူ-၂၂ အသင်းဟာ ဒီဇင်ဘာ ၅ ရက်နေ့ ချင်းမိုင်မြို့မှာ ဖိလစ်ပိုင်အသင်းနဲ့ အဖွင့်ပွဲကစားရမှာဖြစ်ပြီး ဒီဇင်ဘာ၁၂ရက်မှာ အင်ဒိုနီးရှားနဲ့ အုပ်စုနောက်ဆုံးပွဲကစားသွားရမှာပါ။
အုပ်စု ၃ ခုက ထိပ်ဆုံး အသင်းတသင်းစီနဲ့ အကောင်းဆုံးအုပ်စုဒုတိယတသင်းက ဆီမီးဖိုင်နယ် ကစားခွင့်ရရှိမှာပါ။
မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နည်းပြ ကူယိုဆာကီက တာဝန်ယူနေပြီး ပေါ်တူဂီစတုတ္ထတန်းကလပ် အက်စ်ပယ်ရမ်ကာဒီလာဂိုစ်က တိုက်စစ်မှူး သူရိန်ထွန်းအပါအဝင် ပြည်တွင်းလိဂ်ကလပ်တွေက ကစားသမားတွေနဲ့ ဖွဲစည်းထားတာပါ။
အလားတူ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာလည်း ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ရောက်ရှိနေ လေ့ကျင့်နေပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်းကျပြီး ဒီဇင်ဘာ ၅ ရက်မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၈ ရက်မှာ မလေးရှား၊ ဒီဇင်ဘာ ၁၁ ရက်မှာ ဗီယက်နမ် အသင်းတွေနဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။
ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပွဲစဉ်တွေကို ဒီဇင်ဘာ ၃ ရက်က ဘန်ကောက်မှာ စတင်ကစားခဲ့ရာမှာတော့ အဖွင့်ပွဲစဉ်မှာ ဗီယက်နမ်က လာအိုကို ၂ ဂိုး ၁ ဂိုး၊ အိမ်ရှင် ထိုင်းက အရှေ့တီမောကို ၆ ဂိုး ၁ ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ ပါတယ်။


