
မနေ့က ဆီဂိမ်းစ်မှာ ထွန်ထွန်းမင်းနဲ့ ခမာလက်ဝှေ့ကျော် ပရွမ် ဆမ်နမ် တို့ ဗိုလ်လုပွဲ ထိုးသတ်တာ ကြည့်လိုက်ရတယ်။
ဒီပွဲ စိတ်ဝင်စားမိတာက မြန်မာ့လက်ဝှေ့ ချန်ပီယံဟောင်းလို့ဆိုရမယ့် ထွန်းထွန်းမင်း နဲ့ ခမာလက်ဝှေ့ချန်ပီယ် ဆမ်နမ် တို့ပွဲဖြစ်နေလို့ပါ။
ထွန်းထွန်းမင်းအနေနဲ့ ပုံမှန်ကြေးစားပွဲမျိုးမဟုတ်ဘဲ မြန်မာအဖွဲ့နဲ့အတူ ပါသွားပြီး ယှဉ်ပြိုင်တာပါ။
၈၁ ကီလိုတန်း ဖိုင်နယ်ပွဲမှာ သူ့ရဲ့ပြိုင်ဘက်က ခမာချန်ပီယံ ဆမ်နမ်။
စိတ်ဝင်စားစရာတစ်ခုက ဒီ ဆမ်နမ် က မြန်မာ့လက်ဝှေ့ချန်ပီယံကြီး ဒေဝ ကို စိန်ခေါ်ထားတယ် ဆိုတာပဲ။ ဒေဝ ကို စိန်ခေါ်ထားသူနဲ့ ထွန်းထွန်းမင်း အရင်တွေ့ကြတာဆိုတော့ သူ့ရဲ့ အနေအထား သိချင်တာလည်း ပါတယ်။
ပြောစရာတစ်ခုက လက်ဝှေ့ပွဲ အခေါ်အဝေါ်ကိစ္စပဲ။ ကမ္ဘောဒီးယားက ဒီနှစ် သူက ဆီးဂိမ်းစ်အိမ်ရှင် ဆိုတော့ အိမ်ရှင်အခွင့်အရေး အပြည့်အဝယူတယ်။
ဒီလက်ဝှေ့ပြိုင်ပွဲကို အမည်ပေးထားတာက “ ခွန်ခမာ” တဲ့။
သူတို့က ဒီလက်ဝှေ့အားကစားနည်းဟာ နှစ်ပေါင်း ထောင်ချီသမိုင်းကြောင်းရှိတဲ့ ကမ္ဘောဒီးယား ရိုးရာကစားနည်း တဲ့။
ခမာတွေက ဆီးဂိမ်းမှာ ဒီနာမည်နဲ့ ဒီလက်ဝှေ့ကစားနည်း ထည့်မယ်ဆိုတော့ ထိုင်းတွေက ကန့်ကွက်တယ်။
သူတို့က “ခွန်ခမာ” ဆိုပြီး နာမည်ပေးထားပေမယ့် ဒါက “မွေထိုင်း” ကို ပုံတူကူးထားတာပဲလို့ ထိုင်းတွေက ဆိုတယ်။ ဒါ့ကြောင့် ထိုင်းတွေ သပိတ်မှောက်ပြီး ဒီကစားနည်း ဝင်မပြိုင်ဘူး။
ခမာတွေက “ခွန်ခမာ”ဟာ သူတို့ရဲ့ ရိုးရာလက်ဝှေ့အစစ်ပါလို့ ဆိုတယ်။ ခမာအင်ပါယာလက်အောက် ထိုင်းတွေ ကျရောက်စဉ်က ထိုင်းတွေက မွေထိုင်း ဆိုပြီး မွေးစားလိုက်တာလို့ ဆိုတယ်။
စင်ပေါ် တကယ်ထိုးကြတော့လည်း ခွန်ခမာနဲ့ မွေထိုင်းက ဘာမှ မကွာဘူး။ ပွဲမစမီ ခေါင်းစည်းကွင်းနဲ့ လက်ဝှေ့ယိမ်းပြတာ၊ တီးတာမှုတ်တာ မွေထိုင်းလိုပါပဲ။ ကြိုးဝိုင်း ထောင့်လေးထောင့်ကို သွားပြီ လက်အုပ်ချီတာ၊ ကတာ အတူတူလိုပဲ။ မွေထိုင်းသမားတွေ လက်ဝှေ့ယိမ်းပြသလို ကြိုးဝိုင်းအလယ်မှာ ဒူးထောက်၊ ကိုယ်ကို ကိုင်းညွှတ်ပြီး ဟန်ရေးပြတာမျိုးတော့ မတွေ့ဘူး။
အမှန်တော့ ကိုယ်တွေ တွေ့ဖူးနေကျ မွေထိုင်းပါပဲ။ သူတို့က ခွန်ခမာ ဆိုတော့လည်း ခွန်ခမာပေါ။
ကမ္ဘောဒီးယားက လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်နီးပါးက ခမာနီတွေရဲ့ အမှောင်ခေတ်ထဲ ခဏကျရောက်ပြီး အာဆီယံမှာ အနိမ့်ဆုံး၊ အဆင်းရဲဆုံး ဖြစ်ခဲ့တာပါ။ အဲဒီအချိန်က ပျောက်သွားတဲ့ ခမာယဉ်ကျေးမှု နဲ့ ရိုးရာအားကစားတွေကို ခု ဆီဂိမ်းစ်မှာ ပြန်ဖော်ထုတ်နေတာလို့ ဆိုတယ်။
ခုတော့ ခမာတွေက အသံထွက်လာပြီပေါ့။ တရုတ်နောက်ခံနဲ့ ဟွန်ဆန်လက်ထက်မှာ ကမ္ဘောဒီးယားက အာဆီယံမှာ တဖြည်းဖြည်းနဲ့ ရှေ့ရောက်လာတယ်။ အရင်က မြန်မာနဲ့ မတိမ်းမယိမ်း အနေအထားကနေ ခုတော့ ကျော်သွားပြီ။
ဒီ ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်က သူတို့နိုင်ငံသမိုင်းမှာ ပထမဆုံး အိမ်ရှင်ဖြစ်ခွင့်ရတာ။ တရုတ်က အသစ်ဆောက်ပေးထားတဲ့ ကွင်းသစ်ကြီးက သူတို့အတွက် ဂုဏ်ဆာချင်စရာ။ တသက်လုံး ခပ်ကုပ်ကုပ်နဲ့ နေခဲ့ရတဲ့ ခမာ တွေက အခု လူလူသူသူဖြစ်နေပြီ။
ဆီးဂိမ်းစ်မှာ အိမ်ရှင်တွေက အခွင့်အရေးအပြည့်ယူသလိုပဲ တသက်လုံး ရွှေတံဆိပ် ဆယ်ခုကျော်ကျော်နဲ့ အဆင့်နံပါတ်(၇)လောက်မှာ ရှိတဲ့ နိုင်ငံက အခုဆို ဆုတံဆိပ်ဇယားမှာ နံပါတ် တစ်။
သိပ်မထူးပါဘူး။ ကိုယ်တွေ ဆီးဂိမ်းစ်အိမ်ရှင်လုပ်တုန်းကလည်း ဒီလိုပါပဲ။
အားကစားနည်းဆိုလဲ ကိုယ်တွေတုန်းက ခြင်းလုံးတို့ မြန်မာစစ်တုရင် တို့ ထည့်သလိုပဲ ခမာတွေကလည်း ခွန်ခမာ တို့ ခွန်ဘိုကတာ တို့၊ ခမာစစ်တုရင်တို့ ထည့်တာပဲ။ ဆုတံဆိပ်လည်း ဘာထူးလဲ။ ဝေစား မျှစား။
တကယ်တော့ ဆီးဂိမ်းစ်ပြိုင်ပွဲက အားကစားပွဲထက် အဲဒီနိုင်ငံရဲ့ Showcase ပွဲတော် သက်သက်ပါ။ ကမ္ဘောဒီးယားက ဒီဆီးဂိမ်းအပြီးမှာ သူ့ရဲ့ tourism အလားအလာကို အများကြီးမျှော်လင့်ထားတယ်။
ထွန်းထွန်းမင်း နဲ့ ဆမ်နမ် တို့ရဲ့ ခွန်ခမာလက်ဝှေ့ဗိုလ်လုပွဲအကြောင်း ဆက်ရရင် ထွန်းထွန်းမင်းရှုံးမယ်ဆိုတာ ပထမအချီကတည်းက သိလိုက်တယ်။ ထွန်းထွန်းမင်း ညံ့လို့ မဟုတ်ဘူး။ အမှတ်ပေးပုံစံနဲ့ ဆုံးဖြတ်မှာဆိုတော့ နောက်ဆုံးအချီထိ ဘယ်လိုထိုးထိုး ခမာလက်ဝှေ့သမားပဲ အနိုင်ရမယ်ဆိုတာ အရင်ပွဲတွေမှာ အဖြေပေါ်ပြီးသား။ လက်အိတ်၊ ခေါင်းစွပ်အကာတွေနဲ့ ထိုးရတာဆိုတော့ ဗမာ့လက်ဝှေ့ဗလာလက်သီးလို ကြမ်းကြမ်းတမ်းတမ်း အသည်းတယားယား မဖြစ်ဘူး။
ဒေဝ နဲ့ ထိုးဖို့ စိန်ခေါ်ထားတဲ့ ခမာချန်ပီယံ ဆမ်နမ်က ထွန်းထွန်းမင်း နဲ့ အလုံးအပေါက်တူပေမယ့် ဆမ်နမ်က အရပ်ပိုမြင့်တယ်။ အခုဗိုလ်လုပွဲ ထွန်းထွန်းမင်းက ထိချက်ရအောင် ထိုးနိုင်ပေမယ့် ဆမ်နမ်က အရပ်အမောင်း၊ ပါဝါ နဲ့ ခြေကန်ချက်အဓိက ထားတာတွေ့ရတယ်။ ထွန်းထွန်းမင်းက ဒူးခေါင်းမကောင်းတော့ အရင်လို ကန်ချက်တွေ မရတော့ဘူး။ ပွဲမပြီးခင်ကတည်းက ခမာပဲ ဗိုလ်စွဲမယ်လို့ ထင်တဲ့အတိုင်း ဆမ်နမ် အနိုင်ရသွားတယ်။
ထွန်းထွန်းမင်းက ငွေတံဆိပ်ပေါ့။ ဆုတံဆိပ်ဇယားမှာ မြန်မာအတွက် ငွေ တစ်ခုတိုးတယ်ပေါ့။
အာဆီယံ ဆီးဂိမ်းက အစဉ်အလာအတိုင်းပါပဲ။ အိမ်ရှင်တွေ ဆုယူတဲ့ပွဲ။
တစ်ခုတော့ရှိတယ်။ ရိုးရာကစားနည်းတွေမှာသာ ရွှေ တွေတစ်ခုပြီးတစ်ခု ရချင် ရမယ်။ ဘောလုံးကတော့ ဆီမီးတောင်မတက်ဘူး။ အုပ်စုကနေ ထွက်ရတယ်။
CWM


