အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဆိုတာ နိုင်ငံတကာ ဥပဓိရုပ် (international personality) ရှိသူတွေ ဖြစ်ကြပါတယ်။ နိုင်ငံတကာဥပဒေအရ အချုပ်အခြာအာဏာပိုင် နိုင်ငံတနိုင်ငံ ဖြစ်လာပြီ ဆိုတာနဲ့ နိုင်ငံတကာဥပဒေကို အလိုအလျောက် လေးစားလိုက်နာကြရပါတယ်။ ဒါကြောင့် သူတို့ကို နိုင်ငံတကာဥပဒေကို လိုက်နာရသူတွေ (subject of international law) လို့လည်း ခေါ်ကြတာပါ။ နိုင်ငံတကာဥပဒေကို လိုက်နာရသူတွေပီပီ သူတို့မှာ တာဝန်တွေလည်း ရှိပါတယ်။ ထိုနည်းတူ အခွင့်အရေးတွေလည်း ရှိပါတယ်။
နိုင်ငံတွေရဲ့တာဝန်တွေ
(၁) အင်အားအသုံးပြုခြင်းမှာ ရှောင်ကြဥ်ခြင်း
နိုင်ငံတွေဟာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ကလွဲလို့ အခြားနိုင်ငံတွေရဲ့ နိုင်ငံရေးလွတ်လပ်မှု (သို့မဟုတ်) နယ်မြေတည်တံ့မှုကို အင်အားအသုံးပြုတာ (သို့) အသုံးပြုဖို့ ခြိမ်းခြောက်တာမျိုးတွေ မပြုလုပ်ရပါဘူး။ မိမိကိုယ်ကိုယ် ခုခံကာကွယ်တဲ့ကိစ္စနဲ့ ကုလလုံခြုံရေးကောင်စီက အခွင့်အာဏာပေးတဲ့ အခါမျိုးမှသာ အင်အားအသုံးပြုခွင့် ရှိပါတယ်။ ဒီတာဝန်ကို ကုလသမဂ္ဂပဋိညာဥ်ရဲ့ အပိုဒ် (၂) အပိုဒ်ခွဲ (၃) မှာ ပြဋ္ဌာန်းထားပါတယ်။
(၂) ငြိမ်းချမ်းစွာဖြေရှင်းဖို့
နိုင်ငံတွေဟာ နိုင်ငံအချင်းချင်းကြား ပဋိပက္ခဖြစ်ပွားရာမှာ အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရပါမယ်။ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်တဲ့နည်းတွေထဲမှာ စေ့စပ်ဆွေးနွေးတာ၊ ခုံတင်ဆုံးဖြတ်တာ၊ တတိယနိုင်ငံက ကြားဝင်စေ့စပ်တာ စတာတွေ ပါဝင်ပါတယ်။ ဒီအချက်ကိုလည်း ကုလသမဂ္ဂပဋိညာဥ်ရဲ့ အပိုဒ် (၂) အပိုဒ်ခွဲ (၃) မှာ ပြဋ္ဌာန်းထားပါတယ်။
(၃) လူ့အခွင့်အရေးကို လေးစားလိုက်နာရမယ်
နိုင်ငံတွေဟာ သူတို့စီရင်ပိုင်ခွင့် နယ်နိမိတ်အတွင်းမှာရှိတဲ့ လူတဦးချင်းစီရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာရပါမယ်။ ကာကွယ်တာ၊ မြှင့်တင်ပေးတာ လုပ်ရပါမယ်။ ဒီအကြောင်းကို ၁၉၄၈ ခုနှစ် လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံသားများနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (၁၉၆၆)၊ စီးပွားရေး၊ လူမှုရေး၊ ယဥ်ကျေးမှု အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (၁၉၆၆) မှာ ပြဋ္ဌာန်းထားပါတယ်။
(၄) နိုင်ငံတကာရာဇဝတ်မှုတွေကို တားဆီးအရေးယူရမယ်
နိုင်ငံတွေဟာ ဂျီနိုဆိုက်တွေ၊ စစ်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကို တားဆီးအရေးယူဖို့ တာဝန်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာခုံရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ ဒီတာဝန်တွေကို ဂျီနိုဆိုက်သဘောတူစာချုပ် (၁၉၄၈) နဲ့ ဂျီနီဗာသဘောတူစာချုပ် (၁၉၄၉) မှာ ပြဋ္ဌာန်းထားပါတယ်။
(၅) အချုပ်အခြာအာဏာကို လေးစားလိုက်နာရပါမယ်
နိုင်ငံတွေဟာ အခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားရပါမယ်။ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ဖက်တာကနေ ရှောင်ကြဥ်ရပါမယ်။ ဒီအချက်ကိုလည်း ကုလသမဂ္ဂ ပဋိညာဥ်စာတမ်း အပိုဒ် (၂) အပိုဒ်ခွဲ (၁)၊ နိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ဆိုင်ရာ မွန်တီဗီဒီယို သဘောတူစာချုပ် (၁၉၃၃) မှာ ဖော်ပြထားပါတယ်။
(၆) နိုင်ငံတကာတာဝန်တွေကို ဖြည့်ဆည်းလိုက်နာရပါမယ်
နိုင်ငံတွေဟာ သူတို့လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ စာချုပ်တွေ၊ ကတိကဝတ်တွေကို လိုက်နာဖို့ရန် တာဝန်ရှိပါတယ်။ ဒီလိုလိုက်နာရာမှာလည်း သဘောရိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ဗီယင်နာ သဘောတူစာချုပ် (၁၉၆၉) မှာ အတိအလင်း ဖော်ပြထားပါတယ်။
နိုင်ငံတွေရဲ့ အခွင့်အရေးတွေ
အထက်မှာဖော်ပြခဲ့သလို နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရတဲ့ နိုင်ငံတွေအနေနဲ့ ဒီလိုတာဝန်တွေရှိသလို တဖက်မှာလည်း နိုင်ငံတွေရဲ့ အခွင့်အရေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့…
(၁) အချုပ်အခြာအာဏာပိုင်ခွင့်
နိုင်ငံတွေဟာ ပြည်ပစွက်ဖက်မှု မပါဘဲ သူတို့အရေးကိစ္စတွေကို သူတို့စိတ်တိုင်းကျ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးကို မွန်တီဗီဒီယို သဘောတူစာချုပ် (၁၉၃၃) မှာတင်မက ကုလသမဂ္ဂရဲ့ ပဋိညာဥ်စာတမ်းမှာလည်း ဖော်ပြထားပါတယ်။ ဒီအခွင့်အရေးကို ဘယ်အင်အားကြီးနိုင်ငံကမှ ချိုးဖောက်ခွင့်မရှိပါဘူး။
(၂) နိုင်ငံနယ်နိမိတ်
နိုင်ငံတွေဟာ သူတို့ပိုင်တဲ့ နယ်နိမိတ်နဲ့ပတ်သက်ရင် သူတို့စိတ်တိုင်းကျ ထိန်းချုပ်ဆောင်ရွက်ပိုင်ခွင့် ရှိပါတယ်။ တခြားနိုင်ငံတွေဟာလည်း အဲဒီလို ဆောင်ရွက်နိုင်ခွင့်ကို လေးစားရပါတယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်အောင် လုပ်ဆောင်ရပါတယ်။ ဒီအခွင့်အရေးကို ကုလသမဂ္ဂ ပဋိညာဥ်စာတမ်း အပိုဒ် (၂) အပိုဒ်ခွဲ (၄) မှာ တွေ့နိုင်ပါတယ်။
(၃) မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်
နိုင်ငံတွေဟာ တခြားနိုင်ငံတွေ၊ တခြားအုပ်စုတွေရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့် ရှိပါတယ်။ ဒီအချက်ကို ကုလသမဂ္ဂ ပဋိညာဥ်စာတမ်း အပိုဒ် (၅၁) အရဖြစ်စေ၊ နိုင်ငံတကာဓလေ့ထုံးတမ်း ဥပဒေအရဖြစ်စေ ခွင့်ပြုချက် ပေးထားပါတယ်။
(၄) လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်
နိုင်ငံတွေမှာ မြေပြင်၊ ဝေဟင်၊ ရေပြင်ဆိုတဲ့ ပိုင်နက်နယ်မြေတွေကို ပိုင်ဆိုင်ထားကြပါတယ်။ မိမိရဲ့ပိုင်နက်နယ်မြေအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိတဲ့နည်းတူ မိမိရဲ့ရေကြောင်းပိုင်နက် အတွင်းမှာလည်း လွတ်လပ်စွာ သွားလာပိုင်ခွင့် ရှိပါတယ်။ နိုင်ငံတကာပင်လယ်ရေကြောင်း သဘောတူစာချုပ် အပိုဒ် (၁၇) မှာ ဒီအခွင့်အရေးကို ထည့်သွင်းဖော်ပြထားပါတယ်။
(၅) အသိအမှတ်ပြုခြင်း
နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာ မိသားစုအတွင်း ဝင်ရောက်နိုင်ဖို့ဆိုရင် အသိအမှတ်ပြုခြင်း၊ အသိအမှတ်ပြုခံရခြင်း ကိစ္စတွေနဲ့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ ဒါမှသာ တခြားနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ ကုလအဖွဲ့ဝင် အပါအဝင် အခြားအဖွဲ့အစည်းတွေမှာ ပါဝင်ခွင့်ရှိတာ၊ နိုင်ငံတကာစာချုပ်တွေ ချုပ်ဆိုနိုင်ခွင့်ရှိတာ စတဲ့အခွင့်အရေးတွေကို ရရှိလာမှာမို့ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတွေဟာ အခြားနိုင်ငံတွေရဲ့ နိုင်ငံအဖြစ် အသိအမှတ်ပြုခံရဖို့ အခွင့်အရေး ရှိပါတယ်။ ဒီအခွင့်အရေးကို မွန်တီဗီဒီယို သဘောတူစာချုပ် (၁၉၃၃) မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဟာ ၁၉၄၈ ဇန်နဝါရီ ၄ ရက်နေ့မှာ လွတ်လပ်ရေးရခဲ့ပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။ ယနေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ကူမင်တန်တွေနဲ့ နှစ်အကြာကြီး ပြည်တွင်းစစ်ဖြစ်ပြီးနောက် ၁၉၄၉ အောက်တိုဘာ ၁ ရက်နေ့မှာ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ ဒီလိုနိုင်ငံတွေ ဖြစ်တာနဲ့အညီ နိုင်ငံတွေရဲ့ အခွင့်အရေးတွေ၊ တာဝန်တွေကို တနိုင်ငံနဲ့ တနိုင်ငံ ဆက်ဆံရာမှာ လေးစားလိုက်နာရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်းရေးကိစ္စမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်နေတာတွေဟာ နိုင်ငံတနိုင်ငံရဲ့ အခွင့်အရေးတွေအရ လုပ်ဆောင်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ပြည်တွင်းရေး ကိစ္စရပ်တွေမှာ ဝင်ရောက်စွက်ပြီး မြန်မာပြည်သူတွေအပေါ် ခြိမ်းခြောက်တာမျိုး မလုပ်မိဖို့ကလည်း နိုင်ငံတကာတာဝန်တရပ် ဖြစ်ပါတယ်။ ငါက အင်အားကြီးနိုင်ငံဖြစ်လို့ မြန်မာဆိုတာ ငါလုပ်သမျှ ခေါင်းငုံ့ခံရမယ်ဆိုပြီး နိုင်ထက်စီးနင်း လုပ်ဆောင်နေတာဟာ နိုင်ငံတနိုင်ငံ စောင့်ထိန်းလိုက်နာရမယ့် တာဝန်ကို အတိအလင်း ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။ ငါက ပိုက်ဆံရှိတဲ့ကောင်ဆိုပြီး အရပ်ထဲမှာ ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ကျင့်ဝတ်ပျက် လူမိုက်အကြီးစားနဲ့ ပိုတူလာနေပါပြီ။ တရုတ်အစိုးရအနေနဲ့ ဆက်လက်ပြီးတော့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေ၊ မြန်မာပြည်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားနေဦးမယ် ဆိုရင်တော့ တချိန်က ဖက်ဆစ်ဂျပန်ကို ခုခံတော်လှန်ခဲ့တဲ့ တရုတ်နိုင်ငံဟာ စည်းကမ်းပျက်၊ ကျင့်ဝတ်ပျက်တဲ့ နိုင်ငံတခုအဖြစ် ကမ္ဘာ့သမိုင်းစာမျက်နှာမှာရော ထပ်ပြီး သမိုင်းဝင်သွားဖို့ပဲ ရှိပါတော့တယ်။
တင်ဦး