စူပါမုန်တိုင်း ယာဂီ တည့်တည့်ဝင်ဆောင့်ခြင်းခံရတဲ့ ဗီယက်နမ်ထက်ပင် မြန်မာနိုင်ငံအတွင်း ရေဘေးသင့် သေဆုံးမှုက ပိုများနေခြင်းမှာ ထူးဆန်းထွေလာ ပြည်မြန်မာထဲက မထူးဆန်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ပါပဲ။
The Nation ရဲ့ စက်တင်ဘာ ၁၇ ရက် ဖော်ပြချက်က ယာဂီမုန်တိုင်းကြောင့် ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၃၂၉ ဦး သေဆုံးခဲ့တယ်လို့ ဆိုတယ်။ UNOCHA Myanmar ရဲ့ စက်တင်ဘာ ၁၇ ရက် ထုတ်ပြန်ချက်ထဲမှာတော့ သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ အခက်အခဲရှိနေပေမဲ့ မြန်မာရေဘေးသင့်ပြည်သူ ၆ သိန်းကျော်ရှိမယ်လို့ ခန့်မှန်းထားပြီး ရာနဲ့ချီ သေဆုံးမှုရှိကာ အများအပြား ပျောက်ဆုံးနေတယ်လို့ ဖော်ပြပါတယ်။
စက်တင်ဘာ ၁၇ ရက်ကပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယာဂီမုန်တိုင်းအရှိန်ကြောင့် ၂၂၆ ဦး သေဆုံးပြီး ၇၇ ဦး ပျောက်ဆုံးနေကြောင်း ပြောကြားခဲ့ပေမဲ့ တကယ့်မြေပြင်မှာ မင်းအောင်လှိုင်စာရင်းရဲ့ ၂ ဆ၊ ၃ ဆမက ရှိနိုင်ကြောင်း သတင်းတွေအရ သိရပါတယ်။
ကုလထုတ်ပြန်ချက်အရ မြန်မာ ၅၉ မြို့မှာ ရေဘေးသင့်နေပြီး နေရာအများစုမှာ ရေလွှမ်းနေဆဲပါပဲ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံ ပရဟိတသမားတွေက သူတို့စွမ်းဆောင်နိုင်အားထက် ကျော်လွန်စွာ လုပ်ကိုင်နေကြဆဲပါပဲ။ မအောင်မြင်တဲ့ အာဏာသိမ်းပွဲနောက်ပိုင်း ဒေသအသီးသီးမှာ ပရဟိတလုပ်ငန်းတွေပျက်၊ လူငယ်တွေ အဝေးထွက်၊ အဓမ္မစစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် လူငယ်တွေ ပျောက်သထက် ပျောက်ဆုံးကုန်တာကြောင့် အခု နင်လား ငါလား အရေးပေါ်လာတော့ လူရော ကယ်ဆယ်ရေးအရင်းအမြစ်ပါ ချို့ချို့တဲ့တဲ့နဲ့ မနိုင်ဝန်ကို မညည်းမညူ ထမ်းရတော့တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မင်းအောင်လှိုင်ရဲ့ နေပြည်တော်အိမ်ကနေ အားကောင်းတဲ့ မှန်ဘီလူးနဲ့ လှမ်းကြည့်ရင် ရေဘေးလွတ်ရာ သစ်ပင်တွေနဲ့ အိမ်ခေါင်မိုးတွေပေါ် တက်နေကာ ကူပါကယ်ပါ အော်နေကြရတဲ့ ပြည်သူတွေကို မြင်တွေ့နိုင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ တရားမဝင် အာဏာစက်အောက်မှာ ရဟတ်ယာဉ်အစင်းစင်း ရှိနေပြီး ရဟတ်ယာဉ်တွေနဲ့သာ ကယ်ဆယ်နိုင်မယ့်သူတွေ များစွာရှိနေပေမဲ့ ကယ်ဆယ်မှု လုံးဝမရှိခဲ့ပါဘူး။ ဘာ့ကြောင့် မကယ်ရတာလဲ ဆိုတော့ မင်းအောင်လှိုင် ခေါင်းထဲမှာရှိတဲ့ ရဟတ်ယာဉ် အသုံးချနယ်ပယ်က သူ့တရားမဝင်အာဏာ လက်မလွှတ်ရရေးအတွက် ပြည်သူသတ် အကြမ်းဖက်ရေးသာ ဖြစ်နေတာကြောင့်ပါပဲ။
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်၊ အင်အားပြင်း နာဂစ်မုန်တိုင်း ဝုန်းဒိုင်းကြဲခဲ့စဉ်ကလည်း အခြေခံဥပဒေ အတည်ပြုနိုင်ရေးသာ ခေါင်းထဲရှိတဲ့ ဒုတိယအာဏာရှင် သန်းရွှေရဲ့ လျစ်လျူရှုမှုကြောင့် ပြည်သူသိန်းနဲ့ချီ သေဆုံးခဲ့ရတယ်။ မြစ်ဝကျွန်းပေါ်က ဘဝပေါင်း မြောက်မြားစွာဟာ ဒီနေ့ထိတိုင် မူလအခြေအနေသို့ ပြန်မရောက်တော့တဲ့အထိ နာလန်မထူနိုင် ဖြစ်ခဲ့တယ်။
အခု ယာဂီမုန်တိုင်းရဲ့ အဖျားခတ်ရုံအရှိန်ကြောင့် လူအသေအပျောက်ဟာ နာဂစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာရှိပေမဲ့ ရေဘေးသင့်ဧရိယာက နာဂစ်တုန်းကထက် ပိုမိုကျယ်ပြန့်စွာ ၅၉ မြို့နယ်အထိ ဖြစ်ပွားခဲ့တယ်။ ရေဘေးသင့်တဲ့ ၅၉ မြို့နယ်စလုံးမှာ စစ်ကောင်စီရဲ့ ကြိုတင်သတိပေး နှိုးဆော်ချက်နဲ့ ကြိုတင်ပြင်ဆင်မှု လုံးဝမရှိတာကြောင့် ဝရုန်းသုန်းကား ပြေးဆင်းလာတဲ့ ရေပင်လယ်ကြီးအောက် ပြည်သူတွေ ကျရောက်ခဲ့ရတယ်။
စက်တင်ဘာ ၁၇ ရက်၊ စစ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မှန်းဆမှု မရှိခဲ့ကြကြောင်း ရှားရှားပါးပါး ဝန်ခံသွားပါတယ်။ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ တရားထူးရနေသူတွေပမာ အရာရာကို ထိုးထွင်းသိမြင် ကျွမ်းကျင်ပိုင်နိုင်သူများအဖြစ် ကျပ်မပြည့်စွာနဲ့ ခံယူထားသူတွေပါ။ ဒါ့ကြောင့် စူပါမုန်တိုင်းရဲ့ အဖျားခတ်ခြင်းကြောင့် ဘာတွေ ဖြစ်နိုင်သလဲဆိုတာ ကျွမ်းကျင်သူတွေဆီ မေးမြန်းရကောင်းမှန်း မသိပါဘူး။ မုန်တိုင်းက ဗီယက်နမ်ကို ဝင်တာ၊ မြန်မာနဲ့ အဝေးကြီးလို့သာ စစ်ဗိုလ်ချုပ်တွေရဲ့ ဉာဏ်ရည်က ဆင်ခြင်နိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခေါင်းထဲ ၂၄ နာရီပြည့် ငန်းဖမ်းနေတာက အာဏာသာရှိတာကြောင့် ပြည်သူ့အရေး တွေးမိဖို့ဆိုတာ နှစ်ဘဝမက ဝေးလွန်းလှပါတယ်။
ကဲ၊ အခု ပင်လယ်ပြင်ကြီးပမာ ရေကြီးပြီဆိုတော့ရော စစ်ကောင်စီ ဘာများလုပ်နိုင်ပါသလဲ။ မင်းအောင်လှိုင် လုပ်ပြနိုင်တာဆိုလို့ နေပြည်တော်က ရေကြီးတဲ့နေရာ အစပ်လောက်ကို ပြောင်လက်နေတဲ့ ရှူးဖိနပ်စီးပြီးသွားကာ ဓာတ်ပုံအရိုက်ခံ ဟန်ရေးပြ ဝါဒဖြန့်ခြင်းသာ လုပ်တတ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်၊ စစ်ကောင်စီရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ မင်းအောင်လှိုင်က ထုံးစံမပျက် ဟိတ်ဟန်ကြီးကြီးနဲ့ လေလုံးထွားပြခဲ့ပေမဲ့ ရေဘေးသင့်ပြည်သူ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် ငွေဘယ်လောက်သုံးစွဲမလဲ ဆိုတာ ပြောမသွားပါဘူး။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘတ်ဂျက်တွေ ရှိနိုင်ပေမဲ့ သုံးမယ့်ပုံမပေါ်ပါဘူး။ စစ်ကောင်စီလက်ထဲ ရောက်နေတဲ့ ပြည်သူ့ဘဏ္ဍာဟာ အာဏာငတ်နေတဲ့ မင်းအောင်လှိုင်အတွက် ပြည်သူသတ်လုပ်ငန်းတွေမှာသာ အသုံးပြုမယ့်ပုံပါပဲ။
အဲဒီလို ရေဘေးသင့်ပြည်သူများစွာအတွက် ပြည်သူ့ဘဏ္ဍာသုံးစွဲရေးမှာ ရူးချင်ယောင် ဆောင်နေသလောက် နိုင်ငံတကာဆီကတော့ ရဲရဲကြီး လက်ဖြန့်တောင်းခဲ့ပါတယ်။ အမေရိကန်နဲ့ ဩစတြေးလျက ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးမယ်လို့ ဆိုတယ်။ UNOCHA Myanmar ကလည်း အခြေအနေပေးတာနဲ့ အကူအညီပေးရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုတယ်။
UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက် “အခြေအနေပေးတာနဲ့” ဆိုတာက ‘စစ်ကောင်စီက အကူအညီပေးခွင့်ပြုတာနဲ့’ လို့ ဆိုလိုဟန်တူပါတယ်။ လက်ရှိမှာ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီပေးနိုင်ဖို့ စစ်ကောင်စီနဲ့ ညှိနေကြဆဲလို့ ထင်တယ်။ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်ကို မိုခါမုန်တိုင်း ဝင်ခဲ့စဉ်က ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေဟာ စစ်ကောင်စီခွင့်ပြုတဲ့ နေရာတွေက မုန်တိုင်းသင့်ပြည်သူတွေလောက်သာ အကူအညီပေးခွင့် ရခဲ့တာ အထင်အရှားပါပဲ။ ဆိုတော့ အခုရေဘေးမှာလည်း စစ်ကောင်စီ ခွင့်ပြုတဲ့ နေရာတွေလောက်ပဲ အကူအညီပေးခွင့်ရမှာ သေချာပြီး စက်တင်ဘာ ၁၉ ရက်အထိတော့ ကုလနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေကို မတွေ့ရသေးပါဘူး။
အင်မတန် ချီးကျူးစရာကောင်းတာက ကိုယ့်ကိစ္စ ကိုယ့်ဘာသာ တာဝန်ယူပြီး ၁၀ ပြားရှိတာကို ၅ ပြားခွာကာ ရေဘေးသင့်တာနဲ့ ချက်ချင်းဆိုသလို ပြည်သူ-ပြည်သူချင်း ကူညီကြတဲ့ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။ မအောင်မြင်တဲ့ အာဏာသိမ်းကာလတလျှောက် သူဌေးတွေတောင် စီးပွားပျက် လုံးပါးပါးနေတဲ့အချိန်မှာ ကျနော်တို့ပြည်သူတွေက ကိုယ့်ရှိတာလေးခွာကာ စိတ်လိုက်မာန်ပါ လှူဒါန်းနေခြင်းပါပဲ။ အခုလို လှူဒါန်းနေကြတဲ့ ပြည်သူတွေထဲမှာ နွေဦးတော်လှန်ရေးကို နိုင်ရာဝန်ထမ်းကာ ပံ့ပိုးနေကြသူတွေ ထိပ်ဆုံးက ပါပါတယ်။ စိတ်ရှိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် တော်လှန်ရေးကို မကူနိုင်တဲ့ ပြည်သူများစွာလည်း လှူဒါန်းနေကြပါတယ်။ ပြည်သူ့တံတွေးခွက်ထဲ ပက်လက်မျောနေတဲ့ သရုပ်ဆောင်တချို့တောင် သူတို့ရဲ့နာမည်ကို ရေဘေးအလှူနဲ့ ပြန်ဆေးလို့ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်လည်း တချို့တဝက်ပါမလား မပြောတတ်။ ဒီခေတ်ဆိုးကြီးကို သူတို့နဲ့ ဘာမှမဆိုင်သလို နေရဲတဲ့ ကျနော်တို့ စာပေရပ်ဝန်းက အဖြူရောင်စာရေးဆရာ၊ ကဗျာဆရာ တချို့တောင် တက်တက်ကြွကြွ လှူဒါန်းနေတာ တွေ့ရ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုကြောင့် လှူလှူ ပြည်သူ့မျက်ရည် ပြည်သူတွေ ပြန်သုတ်ပေးနေတာကို အထူးတလည် ကြိုဆို ဂုဏ်ပြုရမှာပါပဲ။ ဒါပေမဲ့ ကရင်နီဒေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်နယ်မြေနဲ့ PDF စိုးမိုးနယ်မြေ စစ်တောင်းမြစ်ဝှမ်းဒေသက ရေဘေးသင့်ပြည်သူတွေကို ဘယ်လိုကူညီကြမလဲဆိုတာ ကုလအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများရော မြန်မာပြည်သူတို့ပါ အလေးထားကြဖို့ လိုပါမယ်။
အခုလို မုန်တိုင်းအဖျားခတ်ဒဏ်ကြောင့် ရေဘေးသင့်ခြင်းဒဏ်ကို မြန်မာပြည်သူတွေ အကြီးအကျယ် ခံစားနေရခြင်း ပြဿနာရဲ့ အဓိကတရားခံဟာ ပြည်သူကို လူလို့မထင်ရုံတင်မက စီမံခန့်ခွဲမှု သုညအဆင့်ရှိ စစ်အာဏာရှင်စနစ်ကြောင့်ဆိုတာ ဆက်တွေးနိုင်ကြဖို့လည်း လိုပါမယ်။
ဒီ စစ်အာဏာရှင်တွေ မပြုတ်မချင်း အခုလို ဒုက္ခဆိုးတွေ တခုပြီးတခု မြန်မာပြည်သူတွေ ဆက်လက်ခံစားနေရဦးမှာပါပဲ။
ထွန်းလင်း