ပဲခူးတိုင်း၊ အုတ်တွင်းမြို့ ဝက်ဖြူကုန်း ရေဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ကလေးလူကြီး ၄၀ ကျော် စက်တင်ဘာ ၁၈ ရက် ညပိုင်းက အစာအဆိပ်သင့်မှုဖြစ်ပြီး တောင်ငူဆေးရုံမှာ တင်ထားရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
ရေဘေးသင့်သူဦးရေ ၅၀၀ နီးပါး နေထိုင်တဲ့ ဝက်ဖြူကုန်း ရေဘေးရှောင်စခန်းမှာ မနေ့ညနေက ကြာဇံကြော်နဲ့ ဘဲဥချည်ဟင်းတို့ စားမိရာကနေ ကလေး လူကြီး ၄၀ ကျော် အစာအဆိပ်သင့်ခဲ့တာလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။
“မနေ့ညနေက စခန်းမှာနေတဲ့သူတွေက ဘဲဥကို မန်ကျည်းမှည့်နဲ့ချက်ပြီး စားတာ၊ ကြာဇံကြော်တွေလည်း စားတယ်၊ ပြီးတော့ အန်တဲ့သူတွေရော ခေါင်းမူးတဲ့သူတွေရော ကလေးလူကြီး ၄၀ ကျော်တယ် တောင်ငူဆေးရုံပို့ရတယ်။”
အစာအဆိပ်သင့်တဲ့ ကလေး လူကြီး ၄၀ ကျော်ကို တောင်ငူဆေးရုံပို့ပြီး ကျန်လူဦးရေ ၄၀၀ ကျော်ကိုလည်း ထပ်မံဖြစ်ပွားမှာစိုးတာကြောင့် အုတ်တွင်းနဲ့ ပဲခူးဆေးရုံကို ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးကြတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အစာအိပ်သင့်တာထက် ဝမ်းပျက်ဝမ်းလျှောဖြစ်မှာ စိုးရိမ်တာ၊ သွားစစ်ဆေးတော့ ဘဲဥချဥ်ဟင်းနဲ့ ငပိချက်စားတယ်၊ ကြာဇံကြော်စားတယ်၊ အဲဒါတွေရယ် ရေဘေးရှောင်စခန်းက သောက်ရေရယ် နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးနေတယ်။ ဒီနေ့မနက် သက်သာလို့ ပြန်ဆင်းသွားတဲ့သူတွေလည်းရှိတယ်။”
မနေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေ လှူဒါန်းတဲ့ အစားအသောက်တချို့ စားခဲ့တဲ့ ဒေသခံ ၂၀၀ ကျော် အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတဲ့ဖြစ်စဥ်လည်း ရှိပါတယ်။