Home
မြန်မာသတင်း
မြန်မာရေဘေး ဒုက္ခသည် ၆ သိန်းကျော်ရှိဟု UNOCHA ထုတ်ပြန်
DVB
·
September 18, 2024

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီနောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခသည် ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

နေပြည်တော်အပါအဝင် ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၅၉ ခုကို ရေလွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအချက်အလက် ရရှိနိုင်မှုနဲ့ အတည်ပြုရာမှာ စိန်ခေါ်မှုတွေ ရှိနိုင်ပေမဲ့ နိုင်ငံတဝန်းမှာ ရေကြီးရေလျှံမှုကြောင့် ခန့်မှန်းခြေ လူပေါင်း ၆၃၁,၀၀၀ လောက် ထိခိုက်ခံရနိုင်ပြီး သတင်းရင်းမြစ်အများအပြားကတော့ လူပေါင်း ရာနဲ့ချီသေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုအချိန်အထိ နေရာအများစုမှာ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းတာတွေနဲ့ အရေးပေါ်အကူအညီပေးတာတွေကို ဆက်လက်လုပ်ဆောင်နေသလို အခက်အခဲတွေ ရှိနေပေမဲ့ အခြေအနေပေးတာနဲ့အမျှ တုံ့ပြန်ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ UNOCHA က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ကနေ စတင်ခဲ့တဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်းဟာ လွန်ခဲ့တဲ့သီတင်းတပတ် ကျော်က ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ လူ ၂၀၀ နီးပါးနဲ့ မြန်မာနိုင်ငံမှလည်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ စက်တင်ဘာ ၁၆ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုသဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦးနဲ့ ဒဏ်ရာရသူ ၁၄ ဦးရှိခဲ့တယ်လို့ ပြောပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုများနိုင်ပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို နိုင်ငံတကာနဲ့ အရပ်ဘက်လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013