Home
မြန်မာသတင်း
လေပွေလှိုင်းများ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်နိုင်သဖြင့် လေပြင်းတိုက်၊ ရေကြီး မြေပြိုမှု သတိပေး
DVB
·
September 18, 2024

မြန်မာနိုင်ငံကို လာမယ့်ရက်ပိုင်းမှာ အပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းအဖြစ်  ဖြတ်ကျော်ဝင်ရောက်ချိန် ရေကြီးမြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် ဂရုပြုကြဖို့ မိုးလေဝသဌာနနဲ့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ဟာ ပိုအားကောင်းလာပြီး စက်တင်ဘာ ၂၀ ရက်မှာ ဗီယက်နမ်ကုန်းတွင်းပိုင်းဒေသတွေကို ဖြတ်ကျော်မယ်လို့ စက်တင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲအချိန်မှာ မိုးလေဝသဌာနက အထူးမိုးလေဝသသတင်း အဖြစ် ထုတ်ပြန်လာပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာတော့ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေကို စတင်ဖြတ်ကျော် ရောက်ရှိ လာနိုင်ပြီး အဲဒီအပူပိုင်းမုန်တိုင်းငယ်ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံကို ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ်ကို ပြန်လည် အစပျိုးအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ သိသာထင်ရှားတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟာ နောက်လာမယ့် ၁၂ နာရီကနေ ၂၄ နာရီအတွင်းဖြစ်လာနိုင်တယ်လို့ JTWC(Joint Typhoon Warning Center) က စက်တင်ဘာ ၁၇ ရက် ည ၇ နာရီခွဲအချိန်မှာ ထုတ်ပြန်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အနောက်ဘက်ကို ၁ နာရီ ၁၁ ဒသမ ၅ မိုင်နှုန်းနဲ့ ရွေ့လျားနေပြီး ဆိုင်ကလုန်း မုန်တိုင်း ဖြစ်နိုင်ခြေ အနီရောင်အဆင့် သတ်မှတ်ထားကြောင်းလည်း ဆိုပါတယ်။

မိုးလေဝသပညာရှင်တယောက်ဖြစ်သူ စုစုစံကလည်း မုန်တိုင်းသတိပေးချက်ထုတ်ပြန်လာပြီး တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း၊ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်း၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှာ မိုးကြီးရေလျှံတာတွေ ဖြစ်နိုင်သလို ပြီးခဲ့တဲ့ ယာဂီမုန်တိုင်း အဆင့်လောက် အင်အားမကြီးနိုင်ပေမဲ့ အလယ်အလတ် အဖျက်စွမ်းအား ပြင်းနိုင်တယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းကြောင့် စက်တင်ဘာ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက်မိုးကြီးတာ၊ နေရာကွက်မိုးကြီးတာနဲ့ လေပြင်း တိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနားမှာ နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေကို ကြိုတင်သတိပြုဖို့လည်း အကြံပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013