အမျိုးသားညီညွတ်ရေအစိုးရ (NUG) က စက်တင်ဘာ ၁၃ ရက် ဒီကနေ့ကနေ လာမယ့် ၁၅ ရက်အထိ ၃ ရက်အတွင်း ရေကြီးမြေပြိုဘေး မိုးလေဝသ အထူးသတိပေးချက် ထုတ်ပြန်ထား ပါတယ်။
စက်တင်ဘာ ၁၃ ရက် ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေထဲက နေရာတချို့မှာ တနေ့တာအတွင်း မိုးရေချိန် စုစုပေါင်း ၈ လက်မ ကနေ ၁၀ လက်မ အထိ ရွာသွန်းနိုင်သလို မိုးကြီးတာတွေနဲ့အတူ မြို့ပြရေကြီးတာ၊ လျှပ်တပျက် ရေကြီးတာတွေနဲ့ မြေပြိုတာတွေကို အထူးသတိထားသင့်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာတော့ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေ မှာလည်း ရေကြီးမြေပြိုဘေးတွေ အထူးသတိထားသင့်ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁၅ ရက်မှာလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း အောက်ပိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ မိုးကြီးတာတွေနဲ့အတူ မြို့ပြရေကြီးတာ၊ လျှပ်တပျက် ရေကြီးတာတွေနဲ့ မြေပြိုတာတွေကို အထူးသတိထား သင့်ကြောင်း သတိပေး ထားပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ယာဂိအကြွင်းအကျန်လေပွေလှိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ တဝန်း ရေကြီးရေလျှံတာနဲ့ လူသေအပျောက်တွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။
နိုင်ငံတဝန်း မြို့ရွာတွေမှာ ရေကြီးမြေပြိုဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူ အသေအပျောက်စာရင်းကိုတော့ DVB သတင်းဌာနအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လတ်တလောမှာတော့ NUG အစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာပြည်တဝန်း မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်တချို့က ရေဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ်စားနပ်ရိက္ခာ အထောက်အပံ့တွေကို လှူဒါန်းနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။