တရားသောခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချအနိုင်ရရှိလိမ့်မယ်လို့ ယုံကြည်ပြီး နွေဦးတော်လှန်ရေးဘက်တော်သားအားလုံးဟာ ကျင့်ဝတ်တွေ လိုက်နာပြီး ဘယ်လို အခြေအနေမှာမဆို လူထုနဲ့တသားတည်း ရှိရေး၊ လူထုနဲ့အတူရှိရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့်ဖြစ်ဖို့ အထူးလိုအပ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
စစ်အာဏာရှင်ကို ခုခံတွန်းလှန်စစ်စတင်ကြောင်း ကြေညာတာ ၃ နှစ်တိတိ ပြည့်မြောက်တဲ့ ဒီနေ့ အတွက် လူထုဆီကို အမှာစကားပြောတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ‘ပြည်သူ့ကာကွယ်ရေး’ ဆိုတဲ့ အမည်နာမနဲ့ ကိုက်ညီအောင် မိမိတို့ရဲ့ တော်လှန်ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်တယ်လို့လည်း ပြောပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက “တရားသောခုခံတော်လှန်စစ်ဟာ အဆုံးသတ်မှာ မုချ အနိုင်ရရှိ လိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်တယ်။ အဆုံးသတ်အချိန်မှာ၊ လူထုတရပ်လုံးရဲ့ အထွေထွေ အောင်ပွဲ အရပ်ရပ်ဟာ ပြည်သူလူထုအားလုံးဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာ ဖြစ်တယ်။ လက်ရှိ ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ စစ်အာဏာရှင်ယန္တရားအသီးသီးကို တိုက်စား ဖြိုဖျက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးအတွက် ပုဒ်မ (။) ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ အပြောမဟုတ်ဘဲ ခုခံတော်လှန်စစ် ၃ နှစ်တာကာလမှာ အလုပ်နဲ့ သက်သေပြပြီးဖြစ်တယ်။ ဆက်လက်ပြီးတော့လည်း ကာယကံမြောက် ပေါ်ထွက်လာမယ့် လူထုအောင်ပွဲတွေကို ထပ်မံ ဖော်ထုတ်နိုင်ဖို့ ရှိနေတယ်” လို့ပြောပါတယ်။
အခု နွေဦးတော်လှန်ရေးအတွင်းက ခုခံတော်လှန်စစ်ဟာ အတိတ်ကဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး သမိုင်းတို့ထက် ပိုကျယ်ပြန့်တဲ့၊ ဘက်ပေါင်းစုံ အလွှာပေါင်းစုံကပါဝင်တဲ့ လူထုတော်လှန်ရေးတရပ် ကို ဆင်နွှဲနေတာဖြစ်ပြီး အနာဂတ်သမိုင်းသစ်ကို တန်းတူညီမျှရေးနဲ့ ငြိမ်းချမ်းသာယာပြီး လွတ်လပ်တဲ့ လူ့ဘောင်သစ်ကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့အတူ အုတ်မြစ် တည်နေတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ခုခံတော်လှန်စစ် ကြေညာတဲ့ ၃ နှစ်တာကာလ ပြည့်မြောက်တဲ့ အချိန်ကာလမှာ၊ ခုခံတော်လှန် စစ်ကနေ မဟာဗျူဟာမြောက်စစ်ရေးထိုးစစ်အဖြစ် အသွင်ကူးပြောင်း လာနိုင်ပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ကျင့်ဝတ်တွေလိုက်နာဖို့ အထူးလိုအပ်တယ်လို့လည်း သူက သတိပေးပါတယ်။
“ဒီနေရာမှာ အရေးတော်ပုံတပ်သားတွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ ‘ပြည်သူ့ကာကွယ်ရေး’ ဆိုတဲ့ အမည်နာမနဲ့ကိုက်ညီအောင် မိမိတို့ရဲ့ တော်လှန်ရေးအနှစ်သာရကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အထူးလိုအပ်တယ်။ တော်လှန်ရေးကျင့်ဝတ်နဲ့ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ စည်းစိမ်ကို မိမိတို့အသက်နဲ့ ထပ်တူ ကာကွယ်စောင့်ရှောက်ကြဖို့ဖြစ်တယ်။ လူထုရဲ့ နှလုံးသည်းပွက်ကို ပိုင်စိုးနိုင်သူဟာ တော်လှန်ရေးအောင်ပွဲရဲ့ ပဲ့ကိုင်ရှင် ဖြစ်နိုင်တယ်ဆိုတာ မမေ့အပ်ဘူး” လို့ သူက ပြောပါတယ်။
နိုင်ငံ့ရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအသီးသီးကလည်း မိမိတို့ နယ်ပယ်ဒေသတွေမှာ လွတ်မြောက်ဒေသနဲ့ ထိန်းချုပ်နယ်မြေတွေကို ဖော်ဆောင်နိုင်ရုံမက တိုင်းရင်းသားအင်အားစုအချင်းချင်း ပူးပေါင်းတည်ဆောက်ထားတဲ့ စစ်ရေးမဟာမိတ် တပ်ပေါင်းစု တိုက်ပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်ထားနိုင်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒူဝါလရှီးလက “မတူကွဲပြားမှုတွေကို အချင်းချင်းအကြား အသိအမှတ်ပြုပြီး၊ ဘုံရန်သူကို အမြစ်ပြတ်အောင် တွန်းလှန်တိုက်ထုတ်ကြဖို့ဖြစ်ပါတယ်။ စစ်အာဏာရှင်ရဲ့ အကျင့်စရိုက်တွေဟာ ခေတ်စနစ်ထဲမှာ အရိုးစွဲအောင် အမြစ်တွယ်နေတာဖြစ်ခြင်းကြောင့်၊ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေး အပြင် နာမ်ပိုင်းဆိုင်ရာတော်လှန်ရေးဖြစ်တဲ့ စနစ်အရ တော်လှန်ခြင်း၊ ဓလေ့အရ တော်လှန်ခြင်းနဲ့ အတွေးအခေါ်အရ တော်လှန်ခြင်းတွေအထိပါ ကျယ်ပြန့်အောင် လုပ်ဆောင်ဖို့ တိုက်တွန်း လိုပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းတွေအားလုံးကို အပြီးသတ် ရှင်းလင်းအောင်အထိ ဖြိုချသန့်စင်ပစ်မှာ ဖြစ်တယ်။ ဒါ့ကြောင့် နွေဦးတော်လှန်ရေးဘက်တော်သား အားလုံးဟာ ဘယ်သို့သော အခြေအနေမှာမဆို လူထုနဲ့ တသားတည်းရှိရေး၊ လူထုနဲ့ အတူရှိရေးဟာ တော်လှန်ရေးရဲ့ အခြေခံအမူအကျင့် ဖြစ်ဖို့ အထူးလိုအပ်တယ်” လို့လည်း ဆက်ပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထုနဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ်ရဲ့ အဆောက်အအုံဟောင်းအားလုံးကို အတူတကွ ရှင်းလင်းသုတ်သင်ဖို့ နောက်ဆုံး တကြိမ် အားစိုက်ရုန်းထကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။