Home
မြန်မာသတင်း
အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတော်နှင့် လူထုရန်သူအဖြစ် NUG ကြေညာ
DVB
·
September 5, 2024

အကြမ်းဖက်စစ်အုပ်စု (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ ရန်သူအဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေး အစရှိတဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော် ဂုဏ်သိက္ခာကို ထိပါးစေတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေပြီး မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်တာ၊ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကို ပျက်စီးထိခိုက်စေတဲ့ အဖွဲ့အစည်း ဖြစ်တာတွေကြောင့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ရန်သူ (Enemy of the State) အဖြစ် သတ်မှတ်လိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် သစ္စာဖောက်ဖျက်မှုတွေကို ကျူးလွန်ခဲ့ရုံသာမက မြို့ပြ၊ ကျေးရွာနဲ့ စစ်ရှောင်စခန်းနေ အရပ်သား ပြည်သူလူထုကို လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံနဲ့ ပစ်မှတ်ထားကာ ပစ်ခတ်သတ်ဖြတ်တာ၊ လေကြောင်းအင်အား အသုံးပြုပြီးတော့ နေရာအနှံ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်တာစတဲ့ စစ်ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

အဲဒီရာဇဝတ်မှုတွေဟာ နိုင်ငံတကာစစ်ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး ကြီးလေးသော စစ်ရာဇဝတ်မှုတွေအဖြစ် နိုင်ငံတကာ တရားရုံးတွေ၊ စစ်ခုံရုံးတွေမှာ အရေးယူကာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ရမယ့် စစ်ရာဇဝတ်မှုကြီးတွေ ဖြစ်တယ်လို့လည်း NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ အရပ်သားပြည်သူလူထုကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုဖို့အတွက် ရည်ရွယ်ချက်ရှိရှိ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို သာမက၊ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အတွင်း သက်ကြီးပိုင်း ပြည်သူလူထုကိုပါ  အတင်းအဓမ္မ တိုက်ပွဲဝင်ခိုင်းဖို့ ပြင်ဆင်ကြိုးပမ်းလာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အဖွဲ့အစည်းတွေ၊ ကာကွယ်ရေး၊ လုံခြုံရေး ယန္တရားတွေမှာ ပါဝင်ဆောင်ရွက်တာ၊ အားပေးကူညီတဲ့ လုပ်ရပ်တွေကို နိုင်ငံတော်နဲ့ ပြည်သူလူထုကို သစ္စာဖောက်ဖျက်မှုနဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှု ကျူးလွန်ဖို့ ထောက်ခံအားပေးတဲ့ ရာဇဝတ်လုပ်ရပ်တွေအဖြစ် သတ်မှတ်လိုက်ပြီး ပြည်သူလူထုတရပ်လုံး အနေနဲ့လည်း စစ်အုပ်စု စီမံဆောင်ရွက်စေခိုင်းမှုတွေကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တွန်းလှန် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းထားပါတယ်။

အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လိုလားကြတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမည်ခံ အကြမ်းဖက်စစ်အုပ်စုကို ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်ပေးကြဖို့လည်း NUG အစိုးရက ပန်ကြားထားပါတယ်။

စစ်ကောင်စီကလည်း NUG အစိုးရနဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့တွေအဖြစ် အမြဲသုံးနှုန်းလေ့ရှိပြီး ညီနောင်တိုင်းရင်းသား ၃ ဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့တွေအဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013