နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက် ညပိုင်းက ရေဘေးကယ်ဆယ်ရေး အဖွဲ့တွေ လှူဒါန်းတဲ့ အစားအသောက်တချို့ စားခဲ့တဲ့ ဒေသခံ ၂၀၀ ကျော် အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေဆီက သိရပါတယ်။
တပ်ကုန်းမြို့နယ်၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာမှာ စက်တင်ဘာ ၁၇ ရက် မနေ့ညနေက ရေဘေးသင့်ပြည်သူတွေဟာ လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကို စားမိရာက အစာအဆိပ်သင့်ခဲ့တာလို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူတယောက်က DVB ကို ပြောပါတယ်။
“လာလှူတဲ့ အစားအသောက်က စုံတော့ စားရင်းဖြစ်တာ၊ ဒန်ပေါက်တွေစားရင်း ဖြစ်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ မူးတာ အော့အန်တာ အစုံပဲ။ ရှိတဲ့ ပရဟိတအဖွဲ့တွေ စုပြီး လူနာတင်ယာဥ် ၁၀ စီးကျော်လောက်နဲ့ ဆေးရုံတွေပို့ရတယ်။ အစာအဆိပ်သင့်တာ ၂၀၀ ကျော်တယ်။”
အစာအဆိပ်သင့်သူ ၂၅၀ ကျော်ကို တပ်ကုန်း ခုတင် ၁၀၀၊ ပုဗ္ဗသီရိမြို့ ခုတင် ၃၀၀ နဲ့ ဥတ္တရသီရိမြို့ ခုတင် ၅၀၀ ဆေးရုံမှာ ပို့ဆောင်ဆေးကုသမှု ခံယူနေတယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က DVB ကို ပြောပါတယ်။
“ရေပြန်ကျသွားပေမဲ့ နောက်ဆက်တွဲ မြွေအန္တရာယ်နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်မှာကို စိုးရိမ်နေရတယ်။ အခုဖြစ်တာ အစာအဆိပ်သင့်တာထက် ဝမ်းပျက်ချင်သလိုဖြစ်တာ၊ ကလေးတွေ ရောပါတယ်။”
ရေကြီးရေလျှံမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ သေဆုံးသူ ၄၂ ယောက်ရှိပြီး နေအိမ် ၃၃ လုံး ရေနစ်မြုပ်ပြီး အိမ်ခြေ ၃,၈၁၉ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ မြေပြင်မှာတော့ အခုအရေအတွက်ထက် ပိုများနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။