နေပြည်တော်ကောင်စီနယ်မြေမှာ ရေကြီးရေလျှံမှုကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေ ရေဘေးသင့်နေကာ အရပ်သားပြည်သူ သေဆုံးသူ အယောက် ၂၀ ကျော် ရှိလာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
တပ်ကုန်းမြို့နယ်နေ ရေဘေးသင့်ပြည်သူတယောက်က “အရင် ဘယ်တုန်းကမှ အခုလို ရေကြီးတာမျိုး မကြုံခဲ့ရဘူး။ အခု မိုးက ၃ ရက်ဆက်တိုက် ရွာတာလေ။ ကျနော်တို့ တပ်ကုန်းမြို့နယ်ထဲက ရွာတွေ၊ ပျဥ်းမနား အရှေ့ဘက်ခြမ်းကရွာတွေ အကုန်နီးပါး ရေနစ်တယ်။ အခုတော့ နီးစပ်ရာ ကုန်းမြင့်တွေမှာ ရှိနေတဲ့ ရေလွတ်တဲ့နေရာတွေမှာ နေနေကြရတာပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက် ညနေက မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် စက်တင်ဘာ ၁၁ ရက်မှာ အထက်ပေါင်းလောင်း၊ အောက်ပေါင်းလောင်းနဲ့ ငလိုက်ချောင်းတွေမှာ ရေကြီးရေလျှံဖြစ်ကာ အဝေရာဆည်ရဲ့ ရေတံခါးကိုလည်း အားလုံးဖွင့်ထားတဲ့အပြင် ကင်းသာဆည်လည်း ကျိုးပေါက်ခဲ့တာကြောင့် တပ်ကုန်း၊ ပျဥ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိမြို့နယ်တွေက ကျေးရွာ ၅၀ ကျော်ဟာ စက်တင်ဘာ ၁၃ ရက်အထိ ဆိုးဆိုးရွားရွား ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တယောက်က “တချို့ အနိမ့်ပိုင်းနေရာတွေဆိုရင် ရေက ၁၀ ပေနီးပါး တက်တယ်။ တထပ်အိမ်တွေဆို အကုန်မြုပ်တာ။ တချို့ ရေစီးပြင်းတဲ့နေရာတွေက အိမ်တွေဆို အလုံးလိုက် ကျွတ်ပါကုန်တယ်။ ရွာတွေဘက်ကို တက်လာတဲ့ရေက ရေစီးသန်တော့ ရှာဖွေကယ်ဆယ်ရေး ပရဟိတအဖွဲ့တွေ သွားဖို့ အခက်အခဲဖြစ်ခဲ့တာတွေ ရှိတာပေါ့ဗျာ။ ရေဘေးသင့်ပြည်သူက ထောင်ချီမယ်ဗျ။ ရေစီးနဲ့မျောပါသေဆုံးသူ အရေအတွက်ကတော့ ကျနော်တို့ရထားတဲ့ စာရင်းအရ ၂၀ ကျော်နေပြီ။ ဒိထက် အများကြီး ပိုနိုင်သေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်နယ်မြေနဲ့ အရှေ့ဘက် ကုန်းမြင့်ဒေသတွေမှာ မိုးရွာသွန်းမှု များပြားနေပြီး အဆိုပါနေရာတွေက မြစ်၊ ချောင်းတွေနဲ့ နီးကပ်တဲ့ ကျေးရွာတွေနဲ့ အနိမ့်ပိုင်းဒေသတွေအနေနဲ့ ရေဘေးအန္တရာယ် သတိပြုကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ရေဘေးသင့်ကျေးရွာတွေက ရေဘေးသင့်ပြည်သူတွေဆီကိုတော့ ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူးလို့ ပျဥ်းမနားမြို့နယ်က ရေဘေးသင့် ပြည်သူတွေဆီကနေ သိရပါတယ်။
ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြရကာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ နေပြည်တော်နယ်မြေအတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ကျား ၆ ယောက်နဲ့ မ ၁၃ ယောက်၊ စုစုပေါင်း ၁၉ ယောက် ရှိတယ်လို့ စက်တင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။