ရေကြီးရေလျှံမှု ဖြစ်ပွားနေတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ထဲက သပြေချောင်းကျေးရွာအနီးမှာ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက ရေနဲ့မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီပုံးကို သွားဖွင့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သပြေချောင်းကျေးရွာတောင်ဘက် လယ်ကွင်းထဲမှာ မနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ် ၂ နာရီကျော်က ရေနဲ့မျောပါလာတဲ့ ဓာတ်ဆီတိုင်ကီပုံးကို ဒေသခံတယောက်က ဖွင့်ကြည့်ခဲ့ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနီးနားရှိသူတွေကို ထိမှန်ခဲ့တာလို့ သပြေချောင်းရွာသားတယောက်က ပြောပါတယ်။
“ဆီတိုင်ကီပုံးက ရေထဲမျောနေတဲ့အချိန် တိုက်မိတာတို့ လှုပ်ရမ်းတာတို့ ဖြစ်ထားမှာပေါ့။ အဲဒါကို ရွာသားတဦးက ရိုက်ပြီးဖွင့်လိုက်တော့ အထဲကအငွေ့အရှိန်နဲ့ ဆူပြီး ပေါက်ထွက်တာ။ အနားက ကြည့်နေတဲ့သူတွေပါ ထိတာပေါ့။”
ဆီတိုင်ကီပုံး ပေါက်ကွဲမှုကြောင့် မအိမွန်၊ ကိုသောင်းထိုက်၊ ကိုဖြိုးဖြိုး၊ ကိုလွင်ကို၊ ကိုနိုင်လင်း၊ ကိုကိုပိုင်၊ ဦးသန်းမောင်၊ ကိုသိန်းကို၊ ဦးကဲတင်၊ ကိုအောင်သူ၊ ကိုစောကိုကိုလွင်၊ ကိုသန်းဇော်ဦးတို့ ၁၂ ယောက်မှာ အရေပြား မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူဟာ ဇေယျာသီရိမြို့နယ် ခုတင် ၅၀ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပြီး ဒီနေ့မနက် သက်သာလာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ပေါင်းလောင်းမြစ်ရေနဲ့ ဆင်သေချောင်းရေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကစပြီး မြင့်တက်လာတာကြောင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ကာ ကျေးရွာ ၃၀ ကျော် ရေဘေးကြုံနေရသလို ပိတ်မိသူတွေနဲ့ သေဆုံးသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။