Home
မြန်မာသတင်း
နေပြည်တော် တပ်ကုန်းမြို့တွင် ရေကြီးပြီး ရပ်ကွက်နှင့် ကျေးရွာအချို့ နစ်မြုပ်
DVB
·
September 11, 2024

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် အစောပိုင်း မိုးသည်းထန်စွာရွာပြီး နဝင်းချောင်းမှ ရေတက်ကာ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ ရေနစ်မြုပ်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နဝင်းချောင်းရေတက်မှုကြောင့် မကျီးပင်ကျေးရွာ၊ ရေတွင်းဖြူကျေးရွာ၊ ရှားတုန်းအိုင်ကျေးရွာနဲ့ ညောင်ပင်သာကျေးရွာမှာ နေထိုင်သူတွေကို ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ရေက ၅ ပေခွဲအထိတက်တာ၊ ကောင်စီလူကြီးတွေက ဓာတ်ပုံလာရိုက်ပြီး ပြန်သွားတာ၊ အခု ရွာမှာရှိတဲ့သူတွေက ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြောင်းနေရတယ်။”

သစ်ဆိမ့်ပင်ကျေးရွာမှာလည်း တောင်ကျရေတွေ နေအိမ်ထဲဝင်ရောက်လာလို့ မိမိအစီအစဥ်နဲ့ နီးစပ်ရာမှာ ခိုလှုံနေရတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ညောင်ကိုင်းချောင်းကနေ စီးလာတဲ့ တောင်ကျရေတွေဝင်တာ၊ အိမ်နိမ့်တွေဆို ခေါင်မိုးအထိ ရောက်တယ်၊ ကယ်ဆယ်ရေးမလာသေးတော့ ရွာသားတွေက နှစ်ထပ်အိမ်တွေ၊ ဘုန်းကြီးကျောင်း တွေမှာ သွားနေကြတယ်။”

မြို့နယ်ထွေအုပ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရေဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပေမဲ့ လူအင်အားမလုံလောက်ဘဲ ကျေးရွာတချို့မှာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ ထွေအုပ်ဝန်ထမ်း တယောက်က DVB ကို ပြောပါတယ်။

“ရေဘေးဖြစ်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူက ၁,၀၀၀ ကျော်ရှိတယ်။ ရှိတဲ့အဖွဲ့အစည်းတွေကို စစ်တပ်က ခေါ်သုံးထားတော့ သဘာဝဘေးဖြစ်တဲ့အချိန် လူအင်အားမရှိဘူး။ ကယ်ဆယ်ရေးအဖွဲ့ အင်အားများမှရမယ်။ ရေနစ်တာ ရပ်ကွက်နဲ့ကျေးရွာ ၂၀ ကျော်တယ်။”

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က နေပြည်တော်မှာ ရေကြီးရေလျှံမှုကြောင့် ဇမ္ဗူသီရိ၊ ပျဉ်းမနား၊ ဥတ္တရသီရိ၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်မှာနေတဲ့ ရေဘေးဒုက္ခသည် ၁,၈၀၀ အတွက် ကယ်ဆယ်ရေးစခန်း ၆ ခု ဖွင့်လှစ်ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013