ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှာ ရေပြန်ကျပြီးတဲ့နောက် အလောင်း ၆၀ ကျော်လောက် ရှာဖွေတွေ့ရှိထားပြီး အဲဒီထက် ပိုများနိုင်သေးတယ်လို့ ကလောမြို့ခံတွေထံက သိရပါတယ်။
လွန်ခဲ့တဲ့ ၂ ရက်က ကလောမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ကလောချောင်းရေ ရုတ်တရက် မြင့်တက်လာလို့ ကလောမြို့ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၂၊ ၃၊ ၄ ရပ်ကွက် ၃ ခု တို့မှာ ရေကြီးရေလျှံကာ ရပ်ကွက် ၃ ရထားလမ်းဘေးနေအိမ်တွေကလူတွေ ပိတ်မိခဲ့ပါတယ်။
ပိတ်မိခဲ့သူတွေက သက်ဆိုင်ရာကို အရေးပေါ်အကူအညီတွေ တောင်းခံခဲ့ပေမဲ့ ကူညီမယ့်သူ ရောက်မလာခဲ့တာကြောင့် ရေပြန်ကျချိန်မှာ မြေပြိုချိန်၊ ရေစီးနဲ့မျောပါတာကြောင့် သေဆုံးတဲ့ အရေအတွက် ၆၀ ကျော်လောက်ရှိပြီး ပျောက်ဆုံးအရေအတွက်ကလည်း ၈၀ ကျော်လောက် ရှိတယ်လို့ ကလောမြို့ခံတယောက်က ပြောပါတယ်။
ကလောမြို့ခံတယောက်က “နှစ်တိုင်းတက်နေကျပါဆိုပြီး ပေါ့ဆကြလို့ ဒီတိုင်းနေလိုက်ကြတော့ ရေတက် အရမ်းမြန်တဲ့အချိန် အကုန်ပိတ်မိပြီး အသေအပျောက်တွေ များကုန်တာ။ အခု မြို့ထဲမှာလည်း နုန်းတွေတင်ကျန်နေခဲ့တာကို ရှင်းလင်းရေးတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
ကလောမြို့မှာ ရေကြီးစဉ်က ချောင်းဘေးကနေအိမ်တွေအားလုံး နစ်မြုပ်ခဲ့သလို ကလော ရထားဘူတာ တခုလုံးလည်း နစ်မြုပ်ခဲ့ကာ ရေပြန်ကျချိန် ကလောဘူတာမှာ လူပေါင်း ၃၀ လောက် သေဆုံးနေတာကို တွေ့ရတယ်လို့ သိရပါတယ်။
ကလောမြို့ခံ ကူညီကယ်ဆယ်ရေးလုပ်နေသူတယောက်က “ကလောမှာက ပရိတအသင်းအဖွဲ့ များများစားတော့မရှိဘူး။ အခု ရေပြန်ကျချိန်မှာလည်း ပြည်သူတွေ ကိုယ်ထူကိုယ်ထနဲ့ အပျက်အစီးတွေ၊ လမ်းတွေကို ရှင်းလင်းနေရတယ်။ သက်ဆိုင်ရာ ဆိုတာတွေလည်း မလာကြပါဘူး” လို့ ပြောပါတယ်။
ရေကြီးချိန်မှာ ကလောမြို့ရဲ့ ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်ခဲ့ပြီး အခု MPT ဖုန်းလိုင်းတွေ ပြန်လည်ရရှိနေပြီဖြစ်တာကြောင့် ကလောမြို့ခံတွေဟာ ရပ်ဝေးက မိသားစုဝင်တွေထံ စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးဖို့ အကူအညီ တောင်းခံနေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် တောင်ကြီး၊ ညောင်ရွှေ၊ ရွှေညောင်၊ အောင်ပန်း၊ ကလောမြို့တို့ ရေကြီးနစ်မြုပ်ခဲ့ပြီး လက်ရှိမှာ မန္တလေးတိုင်း ကျောက်ဆည်၊ မြစ်သား၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ နေပြည်တော် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကရင်ပြည်နယ် မြဝတီမြို့၊ ဘားအံမြို့တို့မှာ ရေကြီးနစ်မြုပ်နေပါတယ်။