ရှမ်းပြည်နယ်တောင်ပိုင်းရှိ ၄ မြို့နယ်ထက်မနည်းမှာ စက်တင်ဘာ ၇ ရက်ကစပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးလာတဲ့အတွက် နေအိမ်အတွင်း ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ ဆီဆိုင်၊ တောင်ကြီးနဲ့ ဟိုပုံးမြို့နယ်က မဲနယ်တောင် စတဲ့နေရာတွေမှာ ရေကြီးနေပြီး ရွှေညောင်မြို့က ပြည်သူတွေ နေအိမ်ကနေ စွန့်ခွာကာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပဲ ရှိနေတယ်လို့ သိရပါတယ်။
ရွှေညောင်ဒေသခံ အမျိုးသမီးတယောက်က “တာယောအကြော်ဆိုင်နားက အိမ်တွေမှာ ကယ်ဆယ်ရေးတွေ မလာသေးဘူး။ ပိတ်မိနေတဲ့သူတချို့ ရှိနေတယ်။ တထပ်အိမ်ဆို ခေါင်မိုးပဲကျန်တယ်။ ရွှေဘုံသာ ၂ ရပ်ကွက်ဘက်မှာလည်း ပိတ်မိသူတွေ ရှိနေတယ်။ ကူညီလို့ရရင် ကူညီပေးကြပါဦး” လို့ ပြောပါတယ်။
ကယ်ဆယ်ရေးတွေအနေနဲ့လည်း ရေကြီးရေလျှံတဲ့နေရာတွေက များနေတဲ့အတွက် အချိန်မီ ကူညီကယ်ဆယ်နေပေမဲ့ လူအင်အား မလောက်ငဘူးလို့ သိရပါတယ်။
အောင်ပန်း အောက်စျေးနဲ့ ဘူတာနား၊ ၁၀၈ တောင်အောက်နဲ့ လည်ရိုးရပ်ကွက် အနောက်ခြမ်းက နေအိမ်တွေလည်း ရေမြုပ်နေကာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်နေကြရပြီး ကလောအဝင် ရေယားအတက်နားမှာလည်း ကားတွေ ပိတ်မိနေတယ်လို့ သိရပါတယ်။
တောင်ကြီးက ဘုရားဖြူရပ်ကွက်နဲ့ အထက ၂ ရေကန် ရေလျှံမှုတွေကြောင့် မြေနိမ့်ပိုင်းက ရပ်ကွက်တွေမှာ ရေကြီးနေပြီး ကားနဲ့ဆိုင်ကယ် မျောပါမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဆီဆိုင်မြို့နယ်က နောင်ဆိုင်ရွာ စာသင်ကျောင်းနဲ့ ဟိုပုံးမြို့နယ် မဲနယ်တောင်ရွာက နေအိမ်တွေလည်း တောင်ကျချောင်းရေကြောင့် ပျက်စီးခဲ့ရကာ တောင်ကြီးမြို့ မြောက်ဘက်က ပလီလင်းရွာမှာလည်း တောင်ကျချောင်းရေကြောင့် ကားနဲ့ ဆိုင်ကယ်တွေ မျောပါကုန်တယ်လို့ သိရပါတယ်။
မနေ့ နေ့လယ်လောက်ကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေပြီး စစ်ရှောင်ရသူတွေနဲ့လည်း အဆက်အသွယ်တွေ ပြတ်နေတယ်လို့ သိရပါတယ်။
တောင်ကြီးကို စစ်ရှောင်နေတဲ့ မိသားစုကို ဆက်သွယ်သူတယောက်က “အိမ်ကို ဖုန်းဆက်တာလည်း ဆက်လို့မရဘူး။ တောင်ကြီးမှာ ရေက မကြီးစဘူး ကြီးနေပြီး ဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်။ ခုကြားတာတော့ မိုးရွာရင်းနဲ့ လေတွေပါ တိုက်နေတယ် ကြားတယ်၊ စိုးရိမ်နေရတယ်” လို့ ပြောပါတယ်။
မိုးကြီးပြီး လေပါတိုက်နေတဲ့အတွက် သစ်ပင်ပေါတဲ့နေရာတွေ၊ ဓာတ်တိုင်ရှိတဲ့နေရာတွေ၊ အိမ်ခေါင်မိုးလန်တာတွေ အတွက်ပါ စိတ်ပူနေကြတယ်လို့ သိရပါတယ်။