Home
မြန်မာသတင်း
မယ်ဆိုင်ရေကြီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀  ကျော်ပိတ်မိပြီး ၂ ဦး သေဆုံး
DVB
·
September 11, 2024
Photo -Lanner Fb
Photo -Lanner Fb
Photo -Lanner Fb
Photo -Lanner Fb

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့ထဲမှာ နှစ်ပေါင်း ၆၀ အတွင်း ရေကြီးရေလျှံမှု အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရပြီး ရေတက်တာ အလွန်မြန်တဲ့အတွက် ရွှေ့ပြောင်းချိန် မရလိုက်ဘဲ နေအိမ်ထဲ ပိတ်မိနေသူတွေ များစွာရှိနေပါတယ်။

အဲဒီထဲမှာ မယ်ဆိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနဲ့တကွ သူတို့ရဲ့မိသားစုတွေပါ ပါဝင်ပြီး ခန့်မှန်းခြေ ၁၅၀ ခန့်ရှိကြောင်း၊ အဲဒီထဲမှာ နေမကောင်းတဲ့ကလေး အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ချင်းရိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့မှ ကိုဉာဏ်ထွန်း က DVB ကို ပြောပါတယ်။

“မနေ့က ရေထဲမှာပိတ်မိနေလို့ လာခေါ်ထုတ်ပေးဖို့ ဆက်သွယ် အကူအညီတောင်းလာတဲ့ မြန်မာအလုပ်သမားတွေက ၅ နေရာမှာ လူဦးရေ ၁၅၀ လောက် ရှိပါတယ်ခင်ဗျ။ အဲဒါက ကော့ဆိုင်း၊ မုန်ဒိုန် ရပ်ကွက်ထဲမှာပါ။ ကော့ဆိုင်းရပ်ကွက်ထဲမှာ ၃ နေရာ၊ မုန်ဒိုင်ရပ်ကွက်ထဲမှာ လမ်းသွယ် ၃၊ ၄၊ ၅၊ သူတို့က ၂၀ ကျော် ၃၀ ကျော် စုပြီးနေတာလည်း ရှိတယ်။ နောက်ပြီး ကော့ဆိုင်းနဲ့ မုန်ဒိုင်ရပ်ကွက်ကြားက အိမ်တအိမ်မှာနေတဲ့ မြန်မာအမျိုးသမီးတယောက် ဖုန်းဆက်လာတယ်။ သူတို့ဆီမှာ ၂၀ ကျော် ပိတ်မိနေတယ်၊ ကလေး ၈ ယောက်ပါတယ်၊ ၂ ယောက် အအေးပတ် အဖျားတက်ပြီး ဆုံးသွားပြီလို့ ပြောတယ်။ မြန်မာပဲ၊ အဲလိုပြောပြီး  ဖုံးဘက်ထရီ ကုန်ပြီပြောပြီး အဆက်အသွယ်ပြတ်သွားတယ်။ အသေးစိတ်ထပ်မေးလို့ မရတော့ဘူး။”

အဆိုပါရပ်ကွက်တွေဟာ မယ်ဆိုင်ချောင်းနဲ့ အနီးတဝိုက်မှာရှိပြီး ရေကြီးကတည်းက လျှပ်စစ်ဓာတ်အားလိုင်းတွေလည်း ပြတ်တောက်နေတာပါ။

သူတို့အနေနဲ့ ကနဦးပိုင်းမှာ တချို့ကိုပဲ ကယ်ထုတ်နိုင်ပြီး မြို့နယ်ရုံး ကယ်ဆယ်ရေးစခန်းကို ပို့ထားပေးတယ်၊ အားလုံးကို ကယ်ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် သူတို့နေရာလိပ်စာတွေနဲ့ ထိုင်းကယ်ဆယ်ရေး၊ အရေးပေါ်ကူညီရေးအဖွဲ့တွေကို ချိတ်ဆက်ပေးခဲ့တယ်၊ ရေစီး အလွန်သန်လာတာကြောင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေလည်း မကူညီနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီနေ့မနက်မှာလည်း ထမင်းထုပ် ၂၀၀ ပြင်ဆင်ချက်ပြုတ်ပြီး သူတို့ကို သွားဝေပေးမလို့  ချင်းရိုင်းကနေ ထွက်ခွာလာခဲ့တာ လမ်းမှာ တံတားရေကျော်နေလို့ တာဝန်ရှိသူတွေက ပေးမဖြတ်ဘူး၊ မြို့ရှောင်ပတ်လမ်းဘက်ကနေလည်း သွားလို့မရပြန်ဘူး၊ ဒါကြောင့် အဲဒီ ထမင်းထုပ်တွေ အကုန်ပြန်သယ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ချင်းရိုင်း ဘော်ကလွဲရပ်ကွက်နဲ့ ဆနမ်ကီးလား (အားကစားကွင်း) မှာလည်း မြန်မာ အလုပ်သမား ၁၀၀ ကျော် ရေဘေးသင့်နေတာကြောင့် သူတို့ကို ကား ၆ စီးနဲ့ သယ်ထုတ်ပြီး ဝပ်ဆီကိုနဲ့ ဆန်ပါကော် ရှမ်းဘုန်းကြီးကျောင်းဆီ ပို့ထားတယ်၊ မယ်ဆိုင်အတွက် ထမင်းထုပ်တွေလည်း အဲဒီမှာပဲ ဝေပေးခဲ့တယ်လို့  ကိုဉာဏ်ထွန်းက ပြောသွားပါတယ်။

မယ်ဆိုင်ချောင်းရေတက်တာ နှစ်တိုင်းကြုံပေမဲ့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်ထိ ရေတွေဝင်ရောက်လာတာ တခါမှမကြုံဖူးသေးကြောင်း၊ မယ်ဆိုင်ရေကြီးတာဟာ နှစ် ၆၀ အတွင်း အဆိုးရွားဆုံးဖြစ်တယ်လို့ ရှေ့မီနောက်မီ လူကြီးတွေက ပြောကြောင်း ထိုင်း MCOT သတင်းမှာ ဖော်ပြပါတယ်။

ချင်းရိုင်းခရိုင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနရဲ့ မနေ့ညနေပိုင်း ထုတ်ပြန်ချက်အရ မယ်ဆိုင်မြို့ ရေလွှမ်းမိုးမှုမှာ ဝိန်းဖန်းခမ်း၊ မယ်ဆိုင်၊ ဒွိုင်ဝေါဝ်း၊ မုန်ဒန်၊ ကော်ဆိုင်း၊ မိုက်လုံးခွန် စတဲ့ရပ်ကွက်ထဲက အိမ်ထောင်စုပေါင်း ၁,၀၉၁ စုနဲ့ ဈေးဆိုင်ပေါင်း ၉၂ ဆိုင် ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013