ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် စက်တင်ဘာ ၁၀ ရက်က အမှတ် ၁ ချစ်ကြည်ရေးတံတားပေါ်အထိ ရေမြင့်တက်လာတဲ့အတွက် မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့် ယာယီပိတ်ထားကြောင်း ဒေသခံတွေထံက သိရပါတယ်။
တာချီလိတ်မြို့တွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး အပါအဝင် တာလော့၊ ပုန်းထွန်း၊ မယ်ခေါင်၊ မကာအိုခမ်း၊ ဆန်ဆိုင်း(က) နဲ့ (ခ)၊ ဝမ်ကောင်ရပ်ကွက်နဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေက လူနေအိမ်တချို့ မနေ့ စက်တင်ဘာ ၁၀ ရက် ညပိုင်းအချိန်ထိ ရေနစ်မြုပ်နေတယ်လို့ မြို့ခံ မေတ္တာရှင်လူမှုကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တောင်ကျရေ များလာတာနဲ့ မယ်ဆိုင်ချောင်းရေ မြင့်တက်လာလို့ မြို့ပေါ်က ရပ်ကွက်တွေမှာ ရေမြုပ်တာပေါ့။ ချစ်ကြည်ရေးတံတားရှေ့က အဝိုင်းမှာတောင် ရေက တော်တော်လေး မြင့်တက်လာတာ။ တခါမှ မဖြစ်ဖူးဘူး။ တာချီလိတ်မြို့ရဲ့ စံချိန်တင်ရေကြီးမှုလို့ ပြောလို့ရတယ်။”
မယ်ဆိုင်ချောင်းရေရဲ့ စိုးရိမ်ရေမှတ်မှာ ၃၉၀ စင်တီမီတာဖြစ်ပေမဲ့ စက်တင်ဘာ ၁၀ ရက်က လွယ်တော်ခမ်းရှိ မိုးဇလဌာနရဲ့ တိုင်းထွာချက်တွေအရ ၅၅၀ စင်တီမီတာကို ရောက်ရှိနေတာကြောင့် ရပ်ကွက်၊ လမ်းနဲ့ နေအိမ်တွေအထိ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် တာချီလိတ်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်တဲ့ အိမ်ထောင်စု ၁၀၉ စု၊ လူဦးရေ ၅၂၁ ယောက်တို့အတွက် အောင်မြတ်ခန်းမ၊ ခရိုင်အားကစားခန်းမနဲ့ ပုန်းထွန်းသီရိရတနာဂူဟာ ဘုန်းကြီးကျောင်းတွေမှာ ယာယီ ရေဘေးကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားကြောင်း မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
စက်တင်ဘာ ၈ ရက်နဲ့ ၉ ရက်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နဲ့ တာချီလိတ်မြို့ အပါအဝင် မိုင်းဆတ်ခရိုင်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ကျရေတွေနဲ့အတူ မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ ရေကြီးရေလျှံခဲ့တယ်လို့ သိရပါတယ်။