ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသမှာ ရေကြီးပြီး ဒေသခံလယ်ဧက ၃,၀၀၀ ကျော် နစ်မြုပ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုနှစ်မှာ ရေတက်စောမှုနဲ့ မိုးများတာကြောင့် မိုးရေနဲ့အတူ ထပ်မံရေတက်မှု ပိုမြန်ဆန်လာပြီး စပါးခင်းလယ်ယာတွေ ရေမြုပ်ကုန်တယ်လို့ ပြောပါတယ်။
စပါးစိုက်တောင်သူတယောက်က “ဆန်ဝယ်စားရတာ စျေးများနေလို့ ကျမတို့ ဒီနှစ် ပိုစိုက်ဖြစ်တယ်ပေါ့နော်။ ခု ရေတွေကြီးလို့ စပါးတွေ အကုန်မြုပ်ကုန်ပြီ၊ မဝယ်စားရအောင် စားဖို့စိုက်ထားတာ စပါးတောင် မရင့်သေးဘူး ရေကြီးပြီး စပါးတွေမြုပ်ကုန်တယ်၊ ပျက်လည်း ပျက်စီးကုန်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မြုပ်သွားတဲ့ စပါးပင်အများစုဟာ ပျက်စီးသွားတဲ့အပြင် ခရုတွေ ကိုက်ဖြတ်တာကိုလည်း ဆိုးရွားစွာ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။
နောက်တောင်သူတယောက်က “ဒီတပတ်အတွင်း ရေပြန်ကျရင်တော့ တဝက်လောက် ပြန်ရနိုင်တယ်။ ဒီတိုင်းဆို အဆင်မပြေဘူး။ ခရုတွေလည်း ဖျက်တယ်။ တချို့ဆို တဝက်လောက်ပဲ ရေဝင်တဲ့လယ်ခင်းတွေလည်း ရှိတယ်။ ရေပြန်ကျပြီး ခရုမဖျက်ခင်လောက်ပေါ့နော်၊ ရေပြန်ကျဖို့ကြာရင် ပျက်စီးဖို့ပဲရှိတယ်။ အသီးက ထွက်ခါစပဲ ရှိသေးတယ်လေ၊ ရင်းထားသမျှလည်း မနည်းဘူး” လို့ ပြောပါတယ်။
ညောင်ရွှေမြို့နယ်မှာ ရွှေအပ်စပါးပင် အမျိုးအစားကို အဓိကထား စိုက်ပျိုးကြပြီး အခု ရွှေအပ်ဆန်တအိတ်ကို ၁၁၀,၀၀၀ ကျပ် ပေါက်စျေးရှိတယ်လို့ ပြောပါတယ်။
အခုလို ပျက်စီးမှုများလို့ လာမယ့်နှစ်မှာ ဆန်စပါးဝယ်စားရရင် စျေးပိုမြင့်လာမှာကို ဒေသခံတောင်သူတွေက စိုးရိမ်နေကြပါတယ်။