ပြင်းထန်တဲ့ အပူပိုင်းမုန်တိုင်း ယာဂီကြောင့် ဖိလစ်ပိုင်မှာ ရေကြီးမြေပြိုခဲ့ပြီး လူ ၁၁ ယောက်အထိ သေဆုံးခဲ့ပါတယ်။
အပူပိုင်းမုန်တိုင်း ယာဂီဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို တနင်္လာနေ့က ညလုံးပေါက် ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
မိုးသည်းလို့ နေရာအများအပြား ရေလွှမ်းခဲ့ပြီး မြေပြိုခဲ့ပါတယ်။ ဒါကြောင့် လူ ၉ ယောက်ကနေ ၁၁ ယောက်အထိ သေဆုံးခဲ့တယ်လို့ ဒေသခံ အွန်လိုင်းသတင်းဌာနတွေကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြပါတယ်။
မုန်တိုင်းကြီးတွေနဲ့ တိုင်ဖွန်းမုန်တိုင်းကြီးတွေ နှစ်စဉ် အလုံး ၂၀ လောက်ဟာ ဖိလစ်ပိုင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်ရေပြင်ကို ဇွန်လနှောင်းပိုင်းကနေ အောက်တိုဘာလအတွင်း ဝင်ရောက်တိုက်ခတ်နေကျပါ။ နှစ်စဉ် အိမ်တွေနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးပြီး လူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ယာဂီမုန်တိုင်းဟာ မြို့တော် မနီလာရဲ့ အရှေ့တောင်ဘက် ဘီကိုဒေသကို တနင်္ဂနွေညက ဖြတ်ကျော်ခဲ့ပြီး တနင်္လာနေ့နှောင်းပိုင်းမှာ အဓိကကျွန်းမကြီး လူဇုံရဲ့ အရှေ့မြောက်ဘက် ကမ်းရိုးတန်းကနေ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ မျှော်လင့်ထားပါတယ်။
မနီလာမြို့တော်တလွှားက စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ကြိုတင်ကာကွယ်ရေး အနေနဲ့ ပိတ်ထားရပြီး ထိခိုက်တဲ့ဒေသတွေမှာ ကူးတို့ပြေးဆွဲမှုတွေကို ဆိုင်းငံ့ထာသလို ပြည်တွင်းလေကြောင်းခရီးစဉ် ၂၉ ခုကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
တနင်္လာနေ့မှာ လူ ၃၀၀ ကျော်ဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး စခန်းတွေမှာ နေရဆဲဖြစ်ပါတယ်။
လူပေါင်း ၂၁၀,၀၀၀ လောက်နေတဲ့ မြို့ထဲက ရေကြီးရေလျှံမှုဟာလည်း ဒီရေတက်နေလို့ ရေပြန်ကျဖို့ နှေးကွေးသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
Source-Reuters