ထိုင်း-မြန်မာနယ်စပ် မြဝတီနဲ့ မဲဆောက်မြို့တွေမှာ အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံလို့ ဒေသခံတွေ ရေကြီးမှုနဲ့ကြုံတွေ့နေရပါတယ်။
စက်တင်ဘာ ၁၁ ရက် ဒီနေ့မနက် ၆ နာရီလောက်က မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေ မြင့်တက်လာလို့ ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နဲ့ အမှတ် (၅) ရပ်ကွက်တွေမှာ ရေကြီးနေတာလို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြေနိမ့်ပိုင်းနေအိမ်တွေ ရေဝင်လာလို့ ဒေသခံ အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးထားရတယ်လို့လည်း ဆိုပါတယ်။
အလားတူ မြဝတီတဖက်ကမ်း မဲဆောက်မြို့ သောင်ရင်းမြစ်ကမ်းဘေးမှာလည်း ရေကြီး ရေလျှံနေပါတယ်။