Home
မြန်မာသတင်း
မီဇိုရမ်ဆယ်ကျော်သက်လူငယ် ၂ ဦး မြန်မာဘက်တွင် ဖမ်းဆီးခံရ   
DVB
·
September 9, 2024
Photo - India-Myanmar border in Mizoram Photo: X

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲက ဆယ်ကျော်သက်လူငယ် ၂ ယောက် မြန်မာနိုင်ငံဘက်မှာ သီတင်းတပတ်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ Outlook India သတင်းမှာ ဖော်ပြပါတယ်။

အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် အဆိုပါလူငယ်တွေဟာ ကျန်ဖိုင်ခရိုင်ထဲက မြန်မာနဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဇိုခေါ်ထာရ်မြို့ကဖြစ်ပြီး ချင်းပြည်နယ်ထဲက နာမည်ကျော် ရိဒ်ရေကန်ဆီ တခြားသူငယ်ချင်း ၃ ယောက်နဲ့အတူ ဆိုင်ကယ် ၂ စီးနဲ့ လည်ပတ်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်က နယ်စပ်ဖြတ်ကျော် သွားရောက်ခဲ့ချိန်မှာ CDF ရဲ့ ဟွာလ်ဂိုရမ်အဖွဲ့ခွဲက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အာသံရိုင်ဖယ်တပ်မှ အရာရှိတယောက်ရဲ့ ပြောကြားချက်အရ သူတို့အဖွဲ့ကို CDF တပ်ဖွဲ့တွေက ရပ်တန့်စစ်ဆေးချိန်မှာ စကားကတောက်ကဆ အချေအတင် ဖြစ်ခဲ့တာကြောင့် အဆိုပါ ဆယ်ကျော်သက်လူငယ် ၂ ယောက်ကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကတော့ လွတ်မြောက်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အစပိုင်းမှာတော့ သူတို့ ၂ ယောက်ကို ရိဒ်ရေကန်အနီး ဧရိယာထဲမှာ နှစ်ရက်ကြာ ထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်းမှာတော့ သူတို့ကို ဆိပ်ကျေးရွာက လီအန်ဒိုစခန်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြင်းထန်စွာ နှိပ်စက်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေဟာ ဆံပင်တွေရိတ် ကတုံးတုံးခံရတာ၊ ဆေးလိပ်မီးနဲ့ တို့တာ၊ တယောက်မှာ ရှေ့သွားတချောင်း ဆုံးရှုံးတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီနောက် ဇိုခေါ်ထာရ်ကျေးရွာကောင်စီနဲ့ ဒေသခံ NGO အဖွဲ့အစည်းတွေနဲ့ CDF အဖွဲ့ကြား ညှိနှိုင်းမှုအပြီးမှာ ဖမ်းဆီးခံ လူငယ်တွေကို ပြန်လွှတ်ပေးခဲ့တာပါ။

အဆိုပါ ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး CDF အဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် CDF အဖွဲ့ခွဲ ၃၀ ကျော်နဲ့ တခြား တော်လှန်ရေးအဖွဲ့တွေ ရှိနေတာက ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ စိန်ခေါ်မှုကို တိုးစေပြီးတော့ စစ်သွေးကြွအုပ်စုတွေ ဩဇာလွှမ်းမိုးမှုနဲ့ ဒေသခံလူထုအတွက် ဂယက်ရိုက်ခတ်မှုတွေအပေါ် စိုးရိမ်ကြောင်း မီဇိုရမ်လုံခြုံရေးအရာရှိတွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် နယ်စပ်နား နေထိုင်သူတွေအနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တနိုင်ငံနဲ့တနိုင်ငံ ဖြတ်သန်းသွားလာခွင့်ပေးထားတဲ့စနစ်ကို ဖျက်သိမ်းဖို့ အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပြောထားပေမဲ့ မီဇိုရမ်ပြည်နယ် အစိုးရက ကန့်ကွက်ထားပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ ချင်းပြည်နယ်ထဲက ရိခေါဒါရ်မြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလထဲမှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပြီး ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပါတယ်။

Source: Outlook India

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013