Home
မြန်မာသတင်း
မလေးရှားသွားမည့် မြန်မာ ၁၅ ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ
DVB
·
September 6, 2024
Photo Crd-Bangkok Post

ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာနိုင်ငံသား ၁၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၅ ရက်မှာ ထိုင်းယာဉ်မောင်းတဦးနဲ့အတူ ဖမ်းဆီးလိုက်တယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်၊ ဆောင်ခလာခရိုင်ထဲက ခူးဟာတိုင် စစ်ဆေးရေးဂိတ်မှာ မသင်္ကာဖွယ် ဗင်ကားတစီးကို လူဝင်မှုကြီးကြပ်ရေး ဗျူရိုနဲ့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ကြားဖြတ်ဖမ်းဆီးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ကားအတွင်း ဖမ်းမိသူတွေမှာတော့ ကလေးတဦးအပါအဝင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၃ ဦးပါဝင်ပြီး သူတို့အားလုံးဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်ကားမောင်းနှင်သူ ထိုင်းအမျိုးသားကတော့ အသက် ၅၅ နှစ်အရွယ် ဆွမ်ဆက်ခ်လို့ သတင်းမှာ ဖော်ပြပြီး တရားမဝင်မြန်မာတွေနဲ့အတူ ဖမ်းဆီးခံထားရပါတယ်။

ဒါဟာ တရားမဝင် မြန်မာတွေကို ထိုင်းတောင်ပိုင်းလမ်းကြောင်းကတဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းကို ဆောင်ခလာခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက အစောပိုင်းမှာ သတင်းရရှိထားခဲ့ပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ရဲတွေရဲ့ စစ်ဆေးမေးမြန်းမှုအရ ထိုင်းယာဉ်မောင်းက သူတို့ကို ဆူရတ်ဌာနီကနေ ဟက်ရိုင်၊ အဲဒီကမှတဆင့် ဆောင်ခလာခရိုင်ထဲက မလေးရှားနယ်စပ်အထိ ပို့ဆောင်ပေးဖို့ တဦးကို ဘတ် ၈၀၀ နဲ့ ငှားရမ်းခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာတွေကတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို တောလမ်းကတဆင့် ဝင် ရောက်လာခဲ့ကြကာ မလေးရှားနိုင်ငံမှာ အလုပ်ရဖို့ တဦးကို သိန်း ၅၀ (ဘတ် ၈ သောင်းကျော်) ပေးခဲ့ကြရတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ထိုင်းယာဉ်မောင်းနဲ့ သူတို့အားလုံးကို သက်ဆိုင်ရာ ရဲစခန်းဆီ ပို့ဆောင်ထားပြီး ဗန်ကားကိုလည်း သိမ်းဆည်းထားသလို လူမှောင်ခိုကွင်းဆက်မှာ ပါဝင်ပတ်သက်နေတဲ့ တခြားသူတွေကို ဖမ်းဆီးဖို့ စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ထိုင်းအာဏာပိုင် တွေက ပြောပါတယ်။

Source: Bangkok Post 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013